Entertainment

တပ်မတော်သားတွေ ပြည်သူ့ဘက်က ရပ်တည်ကြဖို့ မြနှင်းရည်လွင် မေတ္တာရပ်ခံ

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်နေတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်က တပ်မတော်သားတွေကို စစ်တန်းလျားပြန်ပြီး ပြည်သူ့ဘက်ကနေ အပြည့်အဝ ကာကွယ်ပေးဖို့ People Voice Television(PVTV) ကနေ မေတ္တာရပ်ခံထားပါတယ်။

“ကျမ ဒီနေ့ ပြောချင်တဲ့ အကြောင်းအရာကတော့ ပြည်သူ့တပ်မတော်သားတွေ ပြည်သူတွေကို ကာကွယ်ပေးတဲ့နေ့၊ အဲ့နေ့ကျရင် ဆရာဝန်တွေ၊ သူနာပြုတွေအားလုံး ဆေးရုံကို ပြန်လာကြမယ်။ ကျောင်းသူ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ စာသင်ခန်းကို ပြန်လာမယ်။ ရုံးဝန်ထမ်းတွေ ရုံးတက်မယ်။ အရင်လို ဘဏ်မှာ ငွေတွေအပ်မယ်။ မီတာခတွေ၊ အခွန်အခတွေ ပြန်ဆောင်မယ်”

“အဲ့လိုမျိုး သူ့နေရာနဲ့သူ နေသားတကျ ဖြစ်သွားပြီးတော့ တတိုင်းတပြည်လုံး အေးချမ်းသွားစေချင်တယ်ဆိုရင် တပ်မတော်သားတွေ စစ်တန်းလျားကို ပြန်ပြီး ပြည်သူတွေကို အပြည့်အဝ ကာကွယ်ပေးပါ။ အာဏာရူးနေတဲ့ စစ်ခေါင်းဆောင်တွေရဲ့ လက်အောက်ကနေ ခွဲထွက်ပေးပါ။ သူတို့နဲ့ လမ်းခွဲပါ။ အဲဒါဆိုရင် တတိုင်းတပြည်လုံး အေးချမ်းသွားပါလိမ့်မယ်။ ပြည်သူတွေရဲ့ ကောင်းချီးပေးခြင်းကိုလည်း ခံရပါလိမ့်မယ်”လို့ မြနှင်းရည်လွင်က ပြောပါတယ်။

ဆက်လက်ပြီး မြနှင်းရည်လွင်က အာဏာရှင်တွေရဲ့ ရာဇဝတ်မှုတွေကို မြင်အောင် ကြည့်ပြီး ပြည်သူ့ဘက်က ရပ်တည်ပေးတဲ့ ပြည်သူ့ဘက်တော်သား စစ်စစ်တွေ ပေါ်ထွက်လာဖို့ အချိန်တန်ပြီလို့ ဆိုပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင် (ဓာတ်ပုံ- Mya Hnin Yee Lwin’s Facebook)

“အာဏာရူးနေတဲ့ စစ်ခေါင်းဆောင်တသိုက်ကတော့ သူတို့ အာဏာရူးတာကို ဖုံးဖိဖို့အတွက် လက်နက် အားကိုးနဲ့ ဟိုလူ့အပြစ်ဖို့၊ ဒီလူ့အပြစ်ဖို့၊ ဟိုလူ့ကိုဖမ်း၊ ဒီလူ့ကိုသတ်နဲ့ မတရားတာတွေကို သူတို့အတွက် တရားသလိုမျိုးနဲ့ ရာဇဝတ်မှုတွေကို ထပ်ပြီးတော့ ကျူးလွန်နေဦးမှာပါ။ ဒါတွေကို မြင်အောင် ကြည့်ပြီးတော့ ပြည်သူ့ဘက်ကနေ ရပ်တည်ပေးတဲ့ ပြည်သူ့ဘက်တော်သား စစ်စစ်တွေ ပေါ်ထွက်လာဖို့ အချိန်တန်ပါပြီ”လို့ မြနှင်းရည်လွင်က ဆိုပါတယ်။

တော်လှန်ရေးဟာ မကြာခင် ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ပြည်သူ့ တပ်မတော်သား၊ ပြည်သူ့ရဲ၊ စစ်သည် စစ်စစ်တွေ ဖြစ်အောင်လို့ အသင့်ပြင်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင် (ဓာတ်ပုံ- PVTV)

“ကျမတို့ရဲ့ တော်လှန်ရေးက မကြာခင် လာတော့မှာပါ။ အဲ့အခါကျရင် ပြည်သူ့မျက်နှာကိုပဲ ကြည့်ပြီးတော့ ပြည်သူ့ဘက်ကနေ အပြည့်အဝ ကာကွယ်ပေးမယ့် ပြည်သူ့တပ်မတော်သား၊ ပြည်သူ့ရဲ၊ စစ်သည် စစ်စစ်တွေ ဖြစ်သွားအောင်လို့ အသင့်ပြင်ထားဖို့ လိုပါတယ်။ ပြည်သူဘာဖြစ်ဖြစ် ငါတို့ကို ကာကွယ်ပေးဆိုတဲ့ အာဏာရူးနေတဲ့ စစ်ခေါင်းဆောင်တွေရဲ့ တပ်ထဲ၊ ရဲထဲမှာ ဆက်ပြီးတော့ မိုက်တွင်းနက်နေဦးမယ်ဆိုရင် ကိုယ့်သဘောနဲ့ ကိုယ်ပါ”

“အဲ့လိုလူမျိုးတွေကိုလည်း ကျမတို့ ပြည်သူတွေရဲ့ ဘုံရန်သူအဖြစ် ထာဝရ မော်ကွန်းအတင်ခံရပါလိမ့်မယ်။ အဲ့တော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပေးမယ့်သူတွေ ပေါ်ထွက်လာဖို့အတွက် ပြည်သူတွေရဲ့ ရင်ခွင်ကို ခိုလှုံပါလို့ ကျမ တိုက်တွန်းပါရစေ။ အရေးတော်ပုံ အောင်ရမည်”လို့ မြနှင်းရည်လွင်က ပြောပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင်ဟာ ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အနုပညာရှင်တဦး ဖြစ်ပြီး၊ ပြည်သူနဲ့အတူ တသားတည်း ရပ်တည်ကာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒဖော်ထုတ်နေသူ ဖြစ်ပါတယ်။

You may also like these stories:

ကိုဗစ် တတိယလှိုင်း အန္တရာယ်ကို ဂရုစိုက် ကာကွယ်ဖို့ အနုပညာရှင်များ ပြော

ကိုဗစ်ကူးစက်မှု တရက်ထဲ လူ ၁၀၀၀ ကျော်အထိ ရှိလာ

စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်

Did you find apk for android? You can find new Free Android Games and apps.
Loading