ဂျပန် ရုပ်ရှင်ဒါရိုက်တာများ အစည်းအရုံးမှ မြန်မာပြည်ဖွား ရုပ်ရှင်ဖန်တီးသူ သိန်းဒန်အား ပြန်လွှတ်ပေးရန် မြန်မာအာဏာပိုင်များကို တောင်းဆိုလိုက်ပါတယ်။ ဒါရိုက်တာ သိန်းဒန်ဟာ အင်းစိန်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး သူ့ကို ရုံးတင်စစ်ဆေးဖို့ ဆိုင်းငံ့ထားပါတယ်။
မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းမှု ကြေညာခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပါတယ်။ စစ်တပ်ဟာ နိုင်ငံအတွင်းရှိ မီဒီယာအများစုအား ထိန်းချုပ်ခဲ့ပြီး၊ သူတို့ကို ဆန့်ကျင်တဲ့ နာမည်ကြီး အနုပညာရှင်များအား ဖမ်းဆီးခြင်းနဲ့ ဆန့်ကျင် ဆန္ဒပြသူများကို ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်၊ ကိုရီးယားနိုင်ငံ ဘူဆန်ရုပ်ရှင်ပွဲတော်မှာ New Currents ပြိုင်ပွဲဝင် ဇာတ်ကားအဖြစ် ပြသခဲ့တဲ့ “Money Has Four Legs”ရုပ်ရှင်ကား ဖန်တီး ထုပ်လုပ်သူ Filmmaker မအိမ့်ကိုလည်း အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားများအား ဖမ်းဆီးထားတဲ့ ပုဒ်မတခုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။
ဒါရိုက်တာ သိန်းဒန်ဟာ ကလေးဘဝကတည်းက ဂျပန်နိုင်ငံမှာ နေထိုင်ခဲ့ပြီး၊ ဧပြီလတုန်းက မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း အဖမ်းခံခဲ့ရပါတယ်။ သူဟာ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်များအား ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီထံ ရောင်းချခြင်းဖြင့် ဆန္ဒပြမှုများကို ထောက်ပံ့ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီဟာ မြန်မာနိုင်ငံမှာ အဖမ်းခံခဲ့ရပြီး ၁ လကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။ သူကတော့ ဒါရိုက်တာ သိန်းဒန်ထံမှ အဆိုပါ ဗီဒီယိုဖိုင်များ လက်ခံထားခြင်း မရှိကြောင်း ငြင်းဆိုပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့က ဂျပန် ဒါရိုက်တာများ အစည်းအရုံး (DGJ) ရဲ့ ထုတ်ပြန်ချက်အရ ဒါရိုက်တာ သိန်းဒန်နဲ့ အခြား နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကြောင့် အနုပညာရှင်များ၊ ရုပ်ရှင်ဒါရိုက်တာများ၊ သရုပ်ဆောင်များနဲ့ ပြည်သူများ အပါအဝင် နိုင်ငံရေး လှုပ်ရှားသူများဟာ မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရတာ ၅ လရှိပါပြီ။ ထောင်အတွင်း လူအခွင့်အရေး ချိုးဖောက်မှုများလည်း ရှိနေပြီး၊ အဲဒီထဲမှာ ဂျပန်နိုင်ငံမှ ဒါရိုက်တာ သိန်းဒန် အပါအဝင် ဖြစ်ပါတယ်။
Japan Institute of the Moving Image ရဲ့ ဥက္ကဋ္ဌ၊ ဂျပန်ရုပ်ရှင် ဒါရိုက်တာ Daisuke Tengan က “JIMI ရဲ့ (၁၈) ကြိမ်မြောက်အတန်းက ဘွဲ့ရ မောင်သိန်းဒန်ဟာ ဂျပန်နိုင်ငံကို ချစ်မြတ်နိုးပြီး ရုပ်ရှင်ပညာနဲ့ ဂျပန်-မြန်မာ နှစ်နိုင်ငံအကြား ပေါင်းကူးတံတား တစင်း ဖြစ်လာအောင် လုပ်ဆောင်ခဲ့တယ်”လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှာ ဂျပန်ဒါရိုက်တာများ အစည်းအရုံးမှ မြန်မာနိုင်ငံရဲ့ အရေးကိစ္စများကို ဆွေးနွေးရန် လူထုဆွေးနွေးပွဲ တရပ် ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲအတွင်း ဒါရိုက်တာ သိန်းဒန်ရဲ့ ဘွဲ့ယူရုပ်ရှင် “Ain” (အင်္ဂလိပ်ဘာသာဖြင့်“Home”) ဆိုတဲ့ ဇာတ်လမ်းတိုကို ပြသခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ သတင်းထောက် ကီတာဇူမီက အဆိုပါ ဆွေးနွေးပွဲအတွင်း ရန်ကုန်မှာ သူတို့နှစ်ဦး အဖမ်းခံရတဲ့အချိန်မှာ ဒါရိုက်တာ သိန်းဒန်ကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။ ကီတာဇူမီက သိန်းဒန်ဟာ မဟုတ်မမှန် ရေးသားထားတဲ့ ခံဝန်ချက်ကို ရေးထိုးရန် နှိပ်စက်ခံရတယ်လို့ ဆိုပါတယ်။
ဒါရိုက်တာ သိန်းဒန်ဟာ ယခုအခါ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရပြီး၊ အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၃ နှစ် ကျခံရဖွယ်ရှိကြောင်း သိရပါတယ်။
အင်းစိန်ထောင်ဟာ ကိုဗစ် တတိယလှိုင်း outbreak မဖြစ်ခင်ကတည်းက အကျဉ်းသားဦးရေ ထူထပ် များပြားခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီး၊ မကြာသေးခင် လများအတွင်း ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးခြင်းကြောင့် ရောဂါပြန့်ပွားမှု အချက်အချာ နေရာတခု ဖြစ်လာပါတယ်။
မြန်မာနိုင်ငံသား အဖွဲ့များရဲ့ စာရင်းများအရ ဇူလိုင်လ ၁၄ ရက်နေ့အထိ မြန်မာစစ်တပ်မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များကြောင့် လူပေါင်း ၉၁၁ ဦး သေဆုံးခဲ့ပြီး၊ စုစုပေါင်း နိုင်ငံသား ၆,၆၉၄ ဦး မတရားဖမ်းဆီး ထိန်းသိမ်း ညှဉ်းပမ်း နှိပ်စက်ခံထားရတယ်လို့ ဆိုပါတယ်။
ဂျပန်ဒါရိုက်တာများ အစည်းအရုံးမှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် ရုပ်ရှင်ဒါရိုက်တာများရဲ့ အခွင့်အရေး အားလုံးကို ကာကွယ်ရန်နှင့် ရယူရန် ရည်ရွယ်ချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှု တခုအဖြစ် ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် “ဖမ်းဆီးခံ နိုင်ငံသားများ အမြန်ဆုံး ပြန်လွတ်မြောက်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်ခွင့် ပြန်လည်ရရှိရေး၊ ဒီမိုကရေစီ ပြန်လည် ရှင်သန်ရေးတို့ကို တောင်းဆိုသည်” ဟု နာမည်ကြီး ရုပ်ရှင်ရိုက်ကူးသူ Sai Yoichi က ဂျပန်ဒါရိုက်တာများ အစည်းအရုံး ထုတ်ပြန်ချက်မှာ လက်မှတ်ရေးထိုး ဖော်ပြထားပါတယ်။
(Variety တွင် ရေးသားထားသော “Japanese Directors’ Guild Calls for Release of Another Myanmar Filmmaker Maung Thein Dan” သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။)