ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်သောနေ့ ဖြစ်သည်။ စစ်တပ်၏ အာဏာသိမ်းမှုကို ပြည်သူများ ဆန့်ကျင် တော်လှန်ခဲ့ကြသည်မှာလည်း ၁ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်တပ်၏ အာဏာသိမ်းမှုကို နယ်ပယ်ကဏ္ဍ အလွှာ အသီးသီးမှ ပြည်သူများက လက်မခံကြောင်း နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင် တော်လှန်ခဲ့ကြပြီး ၂၀၂၁ နွေဦးတော်လှန်ရေးသည် ယနေ့ထိတိုင် သွေးမအေးသေးပေ။
ယနေ့၊ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်သည့်နေ့တွင် စစ်အာဏာရှင်များ အလွန်တရာ ကြောက်လန့်သော တိတ်ဆိတ် ငြိမ်သက်ခြင်းသပိတ် (အသံတိတ် အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကို တတိုင်းပြည်လုံး နေရာအနှံ့တွင် စစ်တပ်၏ ခြိမ်းခြောက် ဖမ်းဆီး ဖိနှိပ်မှုများစွာကြားထဲက ပြုလုပ်လျှက်ရှိသည်။
“လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို ဆုံးရှုံးခဲ့တာ တနှစ် ရှိပါပြီ။ မတရားမှုတိုက်ပွဲမှာ ညီအစ်ကို မောင်နှမတွေ ဆုံးရှုံးခဲ့ရတာ တနှစ်ရှိပြီ။ ပြည်သူတွေရဲ့ ခေါင်းဆောင်တွေကို ဆုံးရှုံးခဲ့ရတာ တနှစ်ရှိပါပြီ။ ဆုံးရှုံးမှုတွေ အများကြီးရှိပေမယ့် မျှော်လင့်ချက်တွေ အများကြီးရှိတဲ့နှစ်။ တရားမျှတမှုနဲ့ ဒီမိုကရေစီ မကြာခင် စိုးမိုးနိုင်ပါစေ” ဟု အလှမယ် မော်ဒယ် မေမြတ်နိုးက ဆိုသည်။
မော်ဒယ် မေမြတ်နိုးသည် စစ်အာဏာသိမ်းမှု စတင်ကတည်းက အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် မြန်မာ့ဂုဏ်ဆောင် အလှမယ်တဦး ဖြစ်သည်။ ၎င်းသည် စစ်ကောင်စီ၏ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း အထုတ်ခံထားရသည့် အနုပညာရှင် တဦးဖြစ်ပြီး လက်ရှိတွင်လည်း အာဏာရှင်ကို ဆက်လက် ဆန့်ကျင်နေဆဲ ဖြစ်သည်။
တောတွင်း တနေရာ လက်နက်ကိုင်နယ်မြေတွင် ရောက်ရှိနေသည့် သရုပ်ဆောင် မြနှင်းရည်လွင်က “အခုဆိုရင် ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ်ကို စစ်ကောင်စီအနေနဲ့ အပြင်းအထန် ပိတ်ပင်နေတာက ဒါသူတို့ကို မထောက်ခံတဲ့သူတွေများလို့ အခုလိုမျိုး ဖမ်းဆီး ပိတ်ပင်မှုတွေ ပြုလုပ်နေရတယ်။ ဒါ သူတို့တွေ အနေနဲ့ ပြည်သူကို တအားကြောက်လို့ ရှုံးမဲမဲတဲ့ သဘောမျိုး လုပ်နေတယ်လို့ သုံးသပ်မိပါတယ်” ဟု ၎င်း၏ အမြင်ကို ဆိုသည်။
“နောက်တခုက ကျမအနေနဲ့ တော်လှန်ရေးကို အဆုံးအထိ ပါဝင်သွားမှာပါ။ ကျမ အနုပညာရှင်တယောက် အနေနဲ့ ကိုယ်လုပ်နိုင်တဲ့အားနဲ့ ဘယ်အထိ လုပ်နိုင်မလဲ။ ကိုယ်လုပ်နိုင်တဲ့ အားနဲ့ အဆုံးအထိ ပါဝင်သွားမှာပါ။ ပြည်သူတွေနဲ့ တသွေးတသားတည်း ရပ်တည်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ခံယူထားပါတယ်” ဟု မြနှင်းရည်လွင်က ပြတ်သားစွာ ပြောဆိုသည်။
စစ်အာဏာရှင်ကို အနုပညာလက်နက်ဖြင့် တော်လှန်နေကြသည့် လူရွှင်တော် ဟားငါးကောင် အဖွဲ့သည်လည်း စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်သောနေ့တွင် ၎င်းတို့ တတ်ကျွမ်းသည့် အနုပညာဖြင့် တော်လှန် ဖျော်ဖြေမည့် “ဟာဒယသပိတ် တော်လှန်ရေးအငြိမ့် အပိုင်း ၃” ကို ယနေ့ည ၇ နာရီ တိတိတွင် D-Day Channel နှင့် PVTV တို့၌ ထုတ်လွှင့်ပြသသွားမည်ဟု သိရသည်။
“ကျနော်တို့ အငြိမ့်နဲ့ တော်လှန်မယ်။ အာဏာသိမ်း တနှစ်ပြည့်ဆိုတာထက် တော်လှန်ရေး တနှစ်ပြည့်ဆို ပိုမှန်မယ်။ အဲဒီတော့ အငြိမ့်နဲ့ ဖျော်ဖြေမယ်။ ပြည်သူလူထုကို အားအင်ရှိစရာ အကြောင်းအရာတွေ တတ်နိုင်တဲ့ဘက်ကနေ အားအင်ပေးမယ်။ အာဏာရှင်ကို အနုပညာနဲ့ တော်လှန်မယ်။ ဒီအငြိမ့်လေးမှာ တတ်သိနားလည်တဲ့ ပညာရှင်တွေ ဝိုင်းဝန်းပြီး ပံ့ပိုးပေးထားတယ်” ဟု လူရွှင်တော် တိုင်းကျော်က ဧရာဝတီကို ပြောသည်။
ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရပြီး လွတ်မြောက်နယ်မြေ တနေရာတွင် စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေကြသည့် အဆိုတော် လင်းလင်း၊ ချစ်သုဝေနှင့် Rဇာနည်တို့သည်လည်း သူတို့ တတ်ကျွမ်းသည့် အနုပညာများဖြင့် ဆက်လက် တော်လှန်နေကြဆဲ ဖြစ်သည်။
ယနေ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်တွင်လည်း အဆိုတော် လင်းလင်း ရေးသား ဖန်တီးထားသည့် “နိုင်ငံဆိုတာ လူထုအမိန့်” ဟု အမည်ရသော တော်လှန်ရေး သီချင်းသစ်တပုဒ် ထွက်ရှိလာသည်။ အဆိုပါ သီချင်းသည် Orchestra Music ပုံစံဖြစ်ပြီး သီချင်းကြာမြင့်ချိန် ၁၀ မိနစ်ကျော်သည်ဟု သိရသည်။
ယင်းသီချင်းတွင် နိုင်ငံပေါင်း ၂၀ ၏ ဘာသာစကားဖြင့် စာသားတကြောင်းတည်း ရွတ်ဆိုမှုကို ဖန်တီး ထည့်သွင်းထားပြီး တော်လှန်ရေး လုပ်နေကြသည့် မြေပြင်အဖွဲ့သားတချို့နှင့် ပြည်တွင်း ပြည်ပရောက် တော်လှန်နေကြသူများ၏ အသံ ရွတ်ဆိုမှုများ ပါဝင်သည်ဟု သိရသည်။
အဆိုပါ “နိုင်ငံဆိုတာ လူထုအမိန့်” သီချင်းအား အဆိုတော် လင်းလင်း၊ Rဇာနည်၊ ချစ်သုဝေတို့နှင့်အတူ အမျိုးသားညီညွတ်ရေး အစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အိသဉ္ဇာမောင်တို့ ပါဝင် သီဆိုထားသည်။
ယင်းသီချင်းကို အွန်လိုင်း ပလက်ဖောင်းများမှတဆင့် ဝယ်ယူနားဆင်နိုင်ရန် ရောင်းချပေးသွားမည် ဖြစ်ပြီး သီချင်း ရောင်းရငွေများကို တော်လှန်ရေး၏ လိုအပ်သော နေရာများထံ လှူဒါန်းသွားမည်ဟု သိရသည်။ အဆိုတော် လင်းလင်းနှင့် Rဇာနည်တို့သည် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း “နောက်ဆုံးဖြစ်ရမယ်” ဆိုသည့် သီချင်းကို Silent Strike အတွက် ဖန်တီး သီဆိုခဲ့သေးသည်။
ယနေ့တွင် သရုပ်ဆောင် ဒေါင်းကလည်း ၎င်းရေးဆွဲထားသော ပန်းချီကားများ ပါဝင်သည့် “365 Days after… (Coup)” (၃၆၅ ရက်ကြာပြီးနောက်…) ဟု အမည်ရသည့် ပန်းချီပြပွဲအကြောင်း မိတ်ဆက် ပြောပြထားသည်။ ယင်းပန်းချီပြပွဲတွင် အဆိုတော် ကျားပေါက်၏ ပန်းချီကားများလည်း ပါဝင်သည်။ ၎င်းတို့နှစ်ဦး အပါအဝင် အခြားသော Artist များ၏ ပန်းချီကားများလည်း ပါဝင်မည်ဟု သိရသည်။
“365 Days after… (coup)” ပန်းချီပြပွဲကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ညနေ ၄ နာရီအချိန်မှ စတင်ကာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Bangkok Art and Culture Center (BACC) တွင် အချိန် ၁ လကြာ ခင်းကျင်းပြသသွားမည်ဟု သိရသည်။
ထို့အတူ အဆိုတော် ကျားပေါက်၏ ပြည်ပတွင် ပထမဆုံး ပြုလုပ်သော “လွတ်မြောက်နယ်မြေ” အမည်ရ တကိုယ်တော် ပန်းချီပြပွဲကိုလည်း ထိုင်နိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြသလျက်ရှိသည်။
ယနေ့၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်သောနေ့တွင် စစ်တပ်၏ ဖိနှိပ်မှုများကြားထဲက တတိုင်းပြည်လုံး နေရာအနှံ့ Silent Strike (အသံတိတ်သပိတ်) ကို ဆင်နွှဲလျက်ရှိပြီး ပြည်သူချစ်သော အနုပညာရှင်များကလည်း အနုပညာ လက်နက်ဖြင့် အာဏာရှင်ကို တော်လှန်နေကြဆဲ ဖြစ်သည်။