မြန်မာနိုင်ငံမှာ စတုတ္ထအကြိမ်မြောက် ကျင်းပမယ့် “နိုင်ငံတကာ အစားအသောက်နှင့် အဖျော်ယမကာပြပွဲ” (Myanmar 4th International Food & Beverage Exhibition) ကို ရန်ကုန်မြို့၊ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမမှာ သြဂုတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါပြပွဲအတွင်းမှာ မြန်မာပြည်တွင်းမှ အစားအသောက်များနဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်၊ ထိုင်ဝမ် စတဲ့ နိုင်ငံများမှ နိုင်ငံတကာ အစားအသောက်၊ အဖျော်ယမကာများကိုပါ ခင်ကျင်းပြသသွားမှာဖြစ်ပြီး အစားအသောက် ထုတ်လုပ်ပုံ၊ လက်လီရောင်းချမှုများကိုပါ ပြသသွားမှာ ဖြစ်ပါတယ်။
“နှစ်စဉ် ကျင်းပနေတဲ့ ဒီပြပွဲက ဒီနှစ်မှာ ကျင်းပတာ ၄ ကြိမ်မြောက်ပါ။ ကျင်းပရတဲ့ ရည်ရွယ်ချက်က နိုင်ငံတကာက အစားအသောက်တွေရယ်၊ မြန်မာနိုင်ငံပြည်တွင်းက အစားအသောက်တွေရယ် အဓိက မိတ်ဆက်ပေးချင်တာပါ။ အစားအသောက်တွေ ထုတ်လုပ်ပုံ သန့်ရှင်းလတ်ဆတ်မှု၊ ကျန်းမာရေးနဲ့ ညီညွတ်မှုစတဲ့ အကြောင်းအရာတွေနဲ့ ဟင်းချက်ပြိုင်ပွဲတွေ ပြပွဲအတွင်းမှာ ပြသသွားမှာပါ” လို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနေလင်းက ပြောပါတယ်။
ပြပွဲကို ဝင်ကြေးအခမဲ့၊ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ပြီး ပြပွဲမှာ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းရဲ့ ဦးစီးမှုနဲ့အတူ “မိနစ် ၂၀ အတွင်း ထမင်းချိုင့် အမြန်ထည့် စိန်ခေါ်ပြိုင်ပွဲကြီး” ကို ကျင်းပသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာ စားသောက်ဆိုင်အသင်းနဲ့ အသင်းခွဲများရဲ့ အထူးပြပွဲများ၊ ဟင်းချက်သရုပ်ပြပွဲများ၊ Bartender အသင်းမှ ကော့တေး၊ အဖျော်ယမကာ ဖျော်စပ်ပုံများ တင်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။
“ထမင်းချိုင့်အမြန်ထည့်ပွဲကြီး” ကို စားသောက်ဆိုင်၊ ဟိုတယ်၊ ချိုင့်ဆွဲပို့ဆောင်ရေးလုပ်ငန်း၊ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းတခုခုမှာ အချက်အပြုတ် တာဝန်ထမ်းဆောင်နေသူများ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုဘဲ အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၅၀ ထက် မကျော်သူ မည်သူမဆို ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။
ပြိုင်ပွဲကို အုပ်စု အဆင့်၊ ကွာတားဖိုင်နယ် အဆင့်၊ ဆီမီးဖိုင်နယ် အဆင့်၊ ဖိုင်နယ် အဆင့်ဆိုပြီး အဆင့် ၄ ဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုအဆင့်မှာ ပြိုင်ပွဲဝင် စုစုပေါင်း ၁၆ ဦး စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပထမအဆင့်မှာ ၁၆ ယောက်၊ ဒုတိယအဆင့်မှာ ၈ ယောက်၊ တတိယအဆင့်မှာ ၄ ယောက် အသီးသီး ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲအဆင့်မှာ ပထမဆု အနိုင်ရရှိသူကို ဆုငွေကျပ် ၅ သိန်း၊ ဒုတိယဆုရရှိသူကို ဆုငွေကျပ် ၃ သိန်း ပေးအပ် ချီးမြှင့်မယ်လို့ သိရပါတယ်။
အစားသောက်နှင့် အဖျော်ယမကာပြပွဲအတွင်းမှာ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းမှ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ လက်လီအရောင်းပြပွဲကိုပါ တွဲဖက် ကျင်းပသွားမှာဖြစ်ပြီး လက်လီရောင်းချတဲ့ စီးပွားရေးလုပ်ငန်းများ၊ နည်းပညာများ၊ စက်ကိရိယာပစ္စည်းများနဲ့ လက်လီ ရောင်းချမှု ပင်ရင်းထွက်ကုန်ပစ္စည်းများကို ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။
ဒါအ့ပြင် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းမှ ဦးစီးပြုလုပ်တဲ့ “သာလွန်ကောင်းမွန်သော လက်လီဆိုင်များသို့” အမည်ရှိ စီးပွားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကိုလည်း ပြပွဲအတွင်း သြဂုတ်လ ၁၈ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့ Register လုပ်ပြီး လာရောက် နားထောင်နိုင်တယ်လို့ သိရပါတယ်။