မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး နိုင်ငံပေါင်း ၃၀ ကျော်က အဆိုပညာရှင်များ လာရောက် ယှဉ်ပြိုင်ကြမယ့် i-sing world final 2017 သီချင်းဆိုပြိုင်ပွဲကို ၃ ရက်ကြာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“i-sing world ကို စက်တင်ဘာ ၂၉၊ ၃၀ ရက်နဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ လုပ်မယ်။ ဒီပွဲက ဒီနှစ်မှာမှ မြန်မာပြည်ကို ရောက်လာတာ နိုင်ငံတွေလှည့်နေတာ။ မြန်မာကတေ့ာ နှစ်တိုင်းပါတယ်။ နိုင်ငံပေါင်း ၃၀ ကျော်က ချန်ပီယံတွေက လာပြိုင်ကြမှာ” လို့ Xan Destiny Group ရဲ့တည်ထောင်သူလည်းဖြစ် i-sing Myanmar ကို ဖွဲ့စည်းသူလည်းဖြစ်တဲ့ ဒေါ်ထွေးလှဟန် က ပြောပါတယ်။
i-sing world final 2017 သီချင်းဆိုပြိုင်ပွဲကြီးတွင် အကဲဖြတ်ဒိုင်များကိုတော့ မြန်မာနိုင်ငံမှ ဒိုင်တဦးနဲ့ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံပေါင်း ၃၀ ကျော်ထဲမှ နိုင်ငံခြားသားဒိုင် ၃ ဦးက အကဲဖြတ်အမှတ်ပေးသွားမယ်လို့ သိရပါတယ်။
အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ကြမယ့် i-sing Myanmar ပြိုင်ပွဲဝင် ၃ ဦးကို ရန်ကုန်မြို့တွင် သြဂုတ်လ ၂၀ ရက်နေ့က ဆီမီးဖိုင်နယ်အထိ တက်ရောက်လာတဲ့ ပြိုင်ပွဲဝင် ၁၅ ဦးထဲကမှ ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။
i-sing world final 2017 ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မယ့် i-sing Myanmar Champion များအဖြစ် ပထမဆု မမာငိုက်၊ ဒုတိယဆု ကိုဂျွန်စကစ်၊ တတိယဆု ကိုသောမတ်စ်မြသွင် တို့က ရရှိခဲ့ပါတယ်။
အဆိုပါ i-sing Myanmar Champion များကို တေးရေးမေသော်၊ ဂီတမှူး ဥက္ကာဦးသာနဲ့ တေးသံရှင်ချမ်းချမ်း တို့က ရွေးချယ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
i-sing သီချင်းဆိုပြိုင်ပွဲကို နိုင်ငံတော်တော်များများတွင် ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျင်းပသည်မှာ ယခုအကြိမ်ဟာ ပထမဆုံးဖြစ်ကာ i-sing world final 2017 တွင် Winner ရရှိသူကိုတော့ ငွေသားဆုအပြင် Single သီချင်းတပုဒ်နဲ့ MTV Asia မှ Music Video တပုဒ်ကို ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပါဝင်သွားမယ့် နိုင်ငံများကတော့ မြန်မာနိုင်ငံအပြင် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ သြစတြေးလျ၊ အမေရိကန်၊ စပိန်၊ ဂျာမနီ အစရှိတဲ့နိုင်ငံများမှ ရွေးချယ်ထားတဲ့ အဆိုဝါသနာရှင်များက ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။