အင်ပါယာတီးဝိုင်းနဲ့အတူ တေးသံရှင် ဇော်ဝင်းထွဋ်တို့ နှစ်စဉ်တန်ဆောင်တိုင်လပြည့်ညများတွင် ဖျော်ဖြေ နေကျပွဲတခုဖြစ်တဲ့ “ဆေးပေါင်းခတဲ့ည” ဖျော်ဖြေပွဲကို ယခုနှစ်တွင် ထူးထူးခြားခြားဖြင့် အဆိုတော် ၃ယောက် တီးဝိုင်း ၃ ဝိုင်းဖြင့် ဖျော်ဖြေသွားမယ်လို့ အဆိုပါဖျော်ဖြေပွဲမှာ ပါဝင်သီဆိုမယ့် အဆိုတော် R ဇာနည်က ဧရာဝတီကို ပြောပါတယ်။
“ပုံမှန်ဆိုရင်တော့ ဦးညီထွဋ်က ဆေးပေါင်းခတဲ့ည ပွဲကို နိုဝင်ဘာ ၃ ရက်နေ့မှာလုပ်နေကျပေါ့။ရန်ကုန်မှာလုပ်ရင်လုပ် မလုပ်ရင်နယ်မှာလုပ်၊ အရင်တုန်းကတော့ အဆိုတော်အများကြီးနဲ့ နောက်ဆုံးပိတ် ဦးညီထွဋ်ဆိုပေါ့။ အခုကတော့ အဆိုတော်ကလည်း ၃ ယောက်တည်း တီးဝိုင်းကလည်း ၃ ဝိုင်းတည်း အားလုံးကလည်း Rock ကို အခြေခံပြီးဆိုတဲ့ သူတွေပဲ” လို့ R ဇာနည်က ပြောပါတယ်။
ဒီပွဲမှာ တေးသံရှင် ဇော်ဝင်းထွဋ်က အင်ပါယာတီးဝိုင်း ၊ တေးသံရှင် R ဇာနည်က The Trees ၊ တေးသံရှင် ဝေလကတော့ Runner Music Band တို့နဲ့အတူ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်နေကျဖြစ်တဲ့ အဆိုပါဖျော်ဖြေပွဲကိုတော့ ယခုနှစ်တွင်တော့ တခြားဖျော်ဖြေပွဲများနဲ့ တိုက်ဆိုင်နေတဲ့အတွက် နိုဝင်ဘာ ၂ ရက်နေ့တွင် ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
“ဘယ်လိုဖျော်ဖြေမလဲ ဘယ်သီချင်းနဲ့ဖျော်ဖြေမလဲ ဆိုတာကတော့ အသစ်တွေရယ် အဟောင်းတွေရယ်နဲ့ ဖျော်ဖြေပါမယ်။ ပုံမှန် ကိုယ့်အလှည့်ကို အပြီးဆိုတာမျိုး မဟုတ်ဘဲနဲ့ အဖွဲ့လိုက်ပုံစံမျိုးနဲ့ သွားမှာပေါ့နော်။ ဒီပွဲကို အချိန်ပေးပြီးတော့ လာရောက်အားပေးဖို့ ကျနော်တို့ကို ချစ်တဲ့ခင်တဲ့သူတွေကို မေတ္တာရပ်ခံချင်ပါတယ်။ ဖိတ်ခေါ်ချင်ပါတယ်။ ထူးထူးခြားခြားနဲ့ အနှစ်သာရရှိရှိနဲ့ ဖျော်ဖြေတင်ဆက်ကြမှာပါ” လို့ တေးသံရှင် R ဇာနည်က ပြောပါတယ်။
“ဆေးပေါင်းခတဲ့ည” ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်များကို စတင်ရောင်းချလျက်ရှိပြီး လက်မှတ်ဈေးနှုန်းများကတော့ ကျပ် ငါးသောင်း၊ လေးသောင်း၊ သုံးသောင်း၊ နှစ်သောင်း နဲ့ ရိုးရိုးတန်းအတွက် လက်မှတ်များကိုတော့ ကျပ် တစ်သောင်း ဖြင့် ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။