မြန်မာနိုင်ငံရဲ့ အွန်လိုင်း ရှော့ပင်းဝက်ဘ်ဆိုက် တခုဖြစ်တဲ့ Shop.com.mm မှ နာမည်ကြီးအမှတ်တံဆိပ်များကို အများဆုံး ၉ဝ ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းချသွားမယ့် Black Friday 2017 ဈေးရောင်းပွဲကြီးကို နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ အွန်လိုင်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Black Friday ဈေးရောင်းပွဲတော်ဆိုတာဟာ ကမ္ဘာတဝှမ်း နှစ်စဉ် နိုဝင်ဘာလ နောက်ဆုံးအပတ်မှာ ကျင်းပလေ့ရှိတဲ့ အအောင်မြင်ဆုံးသော ပွဲတော်တခုဖြစ်ပြီး အဲဒီကာလအတွင်းမှာ ဈေးဝယ်ယူသူများအတွက် နာမည်ကြီး ကုန်ပစ္စည်း အမှတ်တံဆိပ်များကို အထူးလျှော့ဈေးနှုန်းထားနဲ့ ရောင်းချပေးတဲ့ပွဲတခုဖြစ်ပါတယ်။
Black Friday ဈေးရောင်းပွဲတော် ဓလေ့ကို စတင်ခဲ့တာကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး ခရစ်စမတ်အကြို ဈေးဝယ်ရာသီအဖြစ် သတ်မှတ်ထားတာလို့ သိရပါတယ်။ Shop.com.mm က ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကို Black Friday အလေ့အထ သယ်ဆောင်လာခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်မှာ ကျင်းပတဲ့ပွဲတော်က ၃ ကြိမ်မြောက်လို့ သိရပါတယ်။
Shop.com.mm မှာ နိုင်ငံတကာ ကုန်ပစ္စည်းများ၊ ဖုန်းနဲ့ Tablet များ၊ အမျိုးသား၊ အမျိုးသမီး ဖက်ရှင်ပစ္စည်းများ၊ အလှအပဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ ပွဲလက်မှတ်များ၊ စက်ပစ္စည်း၊ တီဗွီ၊ ကင်မရာများ၊ အိမ်အသုံးအဆောင် ပစ္စည်း၊ စာရေးကိရိယာ၊ လူသုံးကုန်၊ ကလေးပစ္စည်းများ၊ အားကစားပစ္စည်းများ စတဲ့ ပစ္စည်းအမျိုးအစားစုံကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
“Black Friday ပွဲကို ကျနော်တို့ ၂၀၁၅ ခုနှစ်မှာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် စ ကျင်းပကတည်းက ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရခဲ့တဲ့အတွက် အခုနှစ်မှာ ပိုမိုများပြားတဲ့ ထုတ်ကုန်တွေကို အများဆုံးလျှော့ဈေးတွေနဲ့ ရောင်းချပေးမှာကြောင့် ဈေးဝယ်သူတွေအနေနဲ့ ရွေးချယ်စရာတွေလည်း အများကြီးရှိပါတယ်။ ဈေးဝယ်သူတွေက ၂၂ ရက်နေ့ ညသန်းခေါင် အချိန်ကတည်းက Shop.com.mm အွန်လိုင်းမှာ စတင် ဝယ်ယူနိုင်ပါပြီ” လို့ Shop.com.mm ရဲ့ မန်နေဂျင်း ဒါရိုက်တာ Mr.Harsh Nathany က ပြောပါတယ်။
ဆက်လက်ပြီး “ကျနော်တို့ အွန်လိုင်းရှော့ပ်မှာ ဗီဇာကတ်အသုံးပြုပြီး ဝယ်ယူမယ်ဆိုရင်လည်း ၅ ရာခိုင်နှုန်း အပိုလျှော့ဈေး ထပ်မံရရှိမှာ ဖြစ်ပါတယ်” လို့ Mr.Harsh Nathany က ဆိုပါတယ်။
Shop.com.mm မှာ ဈေးဝယ်နိုင်တဲ့ ဝယ်ယူစနစ်ကတော့ စိတ်ကြိုက်ပစ္စည်းများကို အွန်လိုင်းပေါ်မှာ ရွေးချယ် ဝယ်ယူနိုင်တဲ့ အိမ်အရောက် ဝန်ဆောင်မှုစနစ်ဖြစ်ပြီး အော်ဒါ မှာယူထားတဲ့ ပစ္စည်းများကို လက်ခံရရှိမှသာ ငွေပေးချေရမှာဖြစ်ကာ ဝယ်ယူပစ္စည်းများကိုလည်း စိတ်ကျေနပ်မှု မရှိပါက ၇ ရက်အတွင်း လဲလှယ်နိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။
Black Friday ကာလအတွင်းမှာ ကမ္ဘာကျော်နာမည်ကြီး အမှတ်တံဆိပ်များဖြစ်တဲ့ Apple, Samsung, Huawei, Sony, Xiaomi, Nobody Jeans, Bossini, Hangten, Timberland, Ray.ban, Skechers, Maybelline, L’Oreal Paris, Revlon, Gucci, Burberry, Versace, CK, Vitoria’s Secret, YSL စတဲ့ နိုင်ငံတကာ အမှတ်တံဆိပ် ကုန်ပစ္စည်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ အွန်လိုင်း ကုန်သွယ်မှုလုပ်ငန်းတွေက အရင်ကထက် ၁၄ ဆ ပိုမိုကြီးထွားလာတာ ကျနော်တို့ တွေ့ခဲ့ရတယ်။ ကျနော်တို့အနေနဲ့ ဗီဇာကတ် ကိုင်ဆောင်သူတွေ ငွေပေးချေမှုတွေမှာ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ဖို့က ကျနော်တို့ အဓိက ဦးတည်ချက်ပါ” လို့ Visa Myanmar ရဲ့ Country Manager, Mr.Arturo Planell က ပြောပါတယ်။
Shop.com.mm က ဝက်ဘ်ဆိုက်နဲ့ Application နှစ်မျိုးရှိပြီး အွန်လိုင်းမှတဆင့် စိတ်ကြိုက်ရွေးချယ် ဝယ်ယူထားတဲ့ ပစ္စည်းတွေကို အိမ်အရောက် ငွေးပေးချေစနစ်နဲ့ ဝယ်ယူနိုင်သလို Visa, Master, Debit စတဲ့ ကတ်များနဲ့လည်း ငွေပေးချေအသုံးပြု ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။