၁။ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမတွင် ၁.၁၂.၂၀၁၇ မှ ၃.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် စာပေဆိုင်ရာလှုပ်ရှားမှုများ၊ တိုင်းရင်းသားအကများ၊ ယဉ်ကျေးမှု ပဒေသာအကများ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများ၊ အားကစားဆိုင်ရာလှုပ်ရှားမှုများ၊ IT နှင့် သိပ္ပံနည်းပညာဆိုင်ရာ လှုပ်ရှားမှုများပါဝင်မည်ဖြစ်ကြောင်းသိရသည်။
၂။ “INDIA – MYANMAR CHARITY BAZAAR 2017″ (အိန္ဒိယ – မြန်မာ ဈေးရောင်းပွဲတော်) ဒဂုံမြို့နယ်၊ သံတမန်လမ်းရှိ Indian House တွင် ၂.၁၂.၂၀၁၇ ရက်နေ့ နံနက် ၁၁ နာရီတွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။ ဝင်ခွင့်လက်မှတ်များကို အိန္ဒိယသံရုံး၊ Coriander Leaf၊ India Tadka၊ Marina Restaurant တို့တွင် ၅ ထောင်ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး ဈေးရောင်းပွဲတော်မှ ရရှိသောငွေကြေးများကို မြန်မာနိုင်ငံအတွင်းရှိ လူမှုအကျိုးပြုအဖွဲ့အစည်းများကို လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
၃။ ရန်ကုန်မြစ်၏ နေဝင်ချိန်ဆည်းဆာအလှကိုခံစားရင်း jazz ဂီတသံစဉ်များနှင့် အပန်းဖြေလိုသူများအတွက် 57 Below POP UP Cocktail Cruise ခရီးစဉ်ကို ၁၈.၁၁.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဗိုလ်တထောင်ဆိပ်ကမ်း၊ The Royal Irrawaddy Boat မှ စတင်မည် ဖြစ်ကြောင်းသိရသည်။ ခရီးစဉ်အတွက် တဦးလျှင် ၄၅၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး လက်မှတ်များကို Tuk Tuk Thai Cafe, Gekko, Union Bar & Grill, & Parami Pizza တွင် ဝယ်ယူနိုင်ကြောင်းသိရသည်။
၄။ နိုင်ငံကျော်အဆိုတော်များပါဝင်မည့် ရန်ပုံငွေဂီတပဒေသာပွဲတော်ကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၁.၁၂.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ပွဲလက်မှတ်များကို ၁ သောင်းကျပ်မှ ၅ သောင်းကျပ် အထိသတ်မှတ်ထားပြီး ၀၉-၉၇၇၀၀၉၁၅၇ ၊ ၀၉-၄၅၅၅၇၃၄၄၂ တို့တွင် ဆက်သွယ်မှာယူနိုင်ကြောင်းသိရသည်။ ဂီတပွဲမှရရှိသမျှ အကျိုးအမြတ်အားလုံးကို အ.ထ.က (၄) အလုံ ကျောင်းသား/သူဟောင်းများအသင်း ရန်ပုံငွေအဖြစ်လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
၅။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဓါတ်ပုံပြပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ မြန်မာဒိဋ္ဌပန်းချီပြခန်းတွင် ၂၉.၁၁.၂၀၁၇ မှ ၂.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါဓာတ်ပုံပြပွဲတွင် မြန်မာနိုင်ငံအနှံ့မှ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဓာတ်ပုံများကို ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
၆။ ခရစ္စမတ်ကမ္ဘာပွဲတော်ကို ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာတွင် ၁.၁၂.၂၀၁၇ မှ ၃.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် ခရစ္စမတ်အထူးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်နှင့် နိုင်ငံကျော်အဆိုတော်များရဲ့ ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
၇။ တေးသံရှင် ရဲလေးရဲ့ My World My Fan My Show ဂီတဖျော်ဖြေပွဲကို ပြည်လမ်း၊ ပြည်သူ့ဥယျာဉ်တွင် ၂.၁၂.၂၀၁၇ ရက်နေ့ညနေ ၆ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ပွဲလက်မှတ်များကို ၉ ထောင်ကျပ်မှ ၃ သောင်းကျပ်အထိ သတ်မှတ်ထားပြီး ရန်ကင်း၊ မြေနီကုန်း City Mart များ၊ မန်းသီရိတေးသံသွင်းနှင့် ဖုန်းနံပါတ် ၀၉-၇၇၀၉၅၀၀၀၄ တို့တွင် ဝယ်ယူနိုင်ကြောင်းသိရသည်။
၈။ ပန်းချီမောင်သီဟ၏ UMBRELLAS ပန်းချီပြပွဲကို လောကနတ်ပန်းချီပြခန်းတွင် ၂၅.၁၁.၂၀၁၇ မှ ၄.၁၂.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် မြန်မာ့လူမှုအဖွဲ့အစည်းအတွင် အသုံးပြုနေသော ထီးများနှင့် ပတ်သက်၍ သရုပ်ဖော်ရေးဆွဲထားသည့် ရေဆေးပန်းချီကားများကို ပြသသွားမည် ဖြစ်ကြောင်းသိရသည်။
၉။ ပန်းချီအောင်နိုင်မောင်၏ ၁၃ ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၃ လမ်းရှိ 43 Art Gallery တွင် ၂၅.၁၁.၂၀၁၇ မှ ၂၉.၁၁.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် မြန်မာမှု အခြေပြု ပန်းချီကားများနှင့် ပုံတူပန်းချီကားအချို့ကို ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
၁၀။ ပန်းချီဆရာ ၁၆ ဦးပါဝင်သည့် ရုန်းကန်ခြင်းမျဉ်းပြိုင်များပန်းချီပြပွဲကို ပန်းဆိုးတန်းလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်ရှိ Pansodan Scene အနုပညာပြခန်းတွင် ၁.၁၂.၂၀၁၇ မှ ၃.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲသည် အသည်းကင်ဆာဝေဒနာခံစားနေရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီစန်းဇော်ထွေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။