တေးသံရှင် ဝိုင်းစုခိုင်သိန်းရဲ့ တကိုယ်တော်တေးစီးရီးဖြစ်တဲ့ “ဂါ” ဒီဗီဒီထွက်ရှိခြင်းနဲ့ သူမရဲ့ မွေးနေ့မှာပြုလုပ်မယ့် Birthday Show ကိုတော့ ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဂါ” ဒီဗီဒီကို ဒီဇင်ဘာ ၁၆ ရက်နေ့တွင် စတင်ဖြန့်ချိမှာဖြစ်ပြီး အခွေပရိုမိုးရှင်းကိုတော့ လှည်းတန်းစင်တာတွင် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ “ဂါ” တေးစီးရီး ပရိုမိုးရှင်းကိုတော့ ရန်ကုန်မှာ ၁၆ ရက်နေ့ လှည်းတန်းစင်တာမှာ လုပ်သွားမယ်။ ၁၇ ရက်နေ့မှာက မန္တလေးမှာ လုပ်သွားပါမယ်။ ပရိုမိုးရှင်းလုပ်တဲ့နေ့တွေမှာ Show ပွဲလက်မှတ်တွေကို ကံစမ်းမဲဖောက်ပေးသွားပါမယ်။ အဲဒီနေ့မှာ အခွေလာဝယ်တဲ့ပရိသတ်တွေကိုလည်း လက်မှတ်ဈေးနှုန်း ၅% ချပြီးရောင်းပေးသွားမှာပါ” လို့ ဝိုင်းစုခိုင်သိန်း က ပြောပါတယ်။
Birthday Show ကိုတော့ ဝိုင်းစုခိုင်သိန်းက သူမရဲ့ မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Event Park မှာပြုလုပ်သွားမှာဖြစ်ပြီး ရန်ကုန်ပွဲတွင် မကြည့်ဖြစ်တဲ့ ပရိသတ်တွေအတွက် မန္တလေးမြို့ရှိ Golden City Event Park တွင် ဇန်နဝါရီ ၁၆ ရက်နေ့မှာလည်း ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
ဝိုင်းစုခိုင်သိန်းရဲ့ Birthday Show ပွဲ လက်မှတ်များကို ငွေကျပ် ၁ သောင်းမှ စတင်ကာ တသိန်းအထိ အမျိုးအစား ခွဲခြားထားတယ်လို့ သိရပါတယ်။
“အမှန်တကယ်တော့ ဝိုင်းစုမလုပ်ရဲဘူး။ မွေးနေ့က ခရစ္စမတ်ရက်ကြီးဖြစ်တဲ့အတွက် ပွဲတွေအများကြီးရှိတယ်။ ဒါပေမယ့် ပရိသတ်ကိုမေးလိုက်တဲ့အခါမှာတော့ အဲဒီရက်ကိုပဲ လုပ်စေချင်ကြတယ်။ တချို့နယ်က မလာနိုင်တဲ့ပရိသတ်တွေ အတွက်တော့ မန္တလေးမှာလုပ်ဖို့အတွက်လည်း စီစဉ်ထားပါတယ်” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
ဝိုင်းစုခိုင်သိန်းရဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်မယ့် Birthday Show ကတော့ သူ့ရဲ့ တတိယမြောက် တကိုယ်တော် ဖျော်ဖြေပွဲဖြစ်ပါတယ်။