မကြာခင် ၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်၊ နှစ်သစ်ကူး အချိန်အခါကို ကျရောက်လာတော့မှာ ဖြစ်ပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ရင် စိတ်သစ်၊ လူသစ်နဲ့ နှစ်သစ်ကို ဖြတ်သန်းကြသလို နှစ်သစ်ကူးညကို ထူးထူးခြားခြား ပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိကြပါတယ်။
နှစ်ကူးညမှာ ကိုယ်ချစ်ခင်ရသူတွေနဲ့အတူ နှစ်သစ်ရောက်မယ့်အချိန်ကို Countdown လုပ်ရင်း ဖြတ်သန်းရတာ ဘဝမှာ ပျော်စရာအချိန်တခုလို့ ဆိုရမှာပါ။ အခုဆိုရင် နှစ်သစ်ကူး ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေက ရက်ရှည် ဆက်တိုက် ပိတ်ရက်တွေဆိုတော့ နှစ်ကူးညကို သေချာအစီအစဉ်ဆွဲပြီး သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ တဝကြီး ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ပါပြီ။
ဒါဆိုရင် နှစ်သစ်ကူးည ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ညကို ဘယ်လိုဖြတ်သန်းကြမလဲ၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မနက်ခင်းကိုရော ဘယ်လို ကြိုဆိုကြမလဲ၊ စဉ်းစားထားပြီးပြီလား။
(၁) Myanmar Premium New Year Countdown Yangon 2018
EDM (Electro Dance Music) ကို ကြိုက်တဲ့ ဒီနေ့ခေတ် လူငယ်တွေအတွက် မြူးကြွတဲ့ DJ Beat တွေနဲ့အတူ နှစ်သစ်ကို ကြိုဆိုရင်း တညလုံး ကခုန်လို့ ကောင်းမယ့်ပွဲပါ။ နိုင်ငံတကာက နာမည်ကြီး DJ Artist တွေဖြစ်တဲ့ Say My Name, Jewelz & Sparks, Dynamite, Breathe Carolina, Carnage, The Bugbears နဲ့ မြန်မာလူငယ် Duo အဖွဲ့ဖြစ်တဲ့ Terror Bass တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို အဲဒီပွဲမှာ ခံစားရမှာပါ။
Myanmar Premium New Year Countdown ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းမှာရှိတဲ့ The One Entertainment Park မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဈေးနှုန်းများအနေနဲ့ General Admission မြန်မာငွေ ကျပ် ၂ သောင်းခွဲ ကနေ ကျပ် ၃ သောင်း၊ ၃ သောင်းခွဲကျပ်၊ ၆ သောင်းခွဲ၊ VIP ၇ သောင်းခွဲကျပ်အထိ အစားစား ရှိတယ်လို့ သိရပါတယ်။
(၂) Welcome 2018 New Year Party
Welcome 2018 New Year Party ပွဲက ရန်ကုန်မြို့၊ မင်းဓမ္မလမ်း၊ MEP (Myanmar Event Park) မှာ ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ညနေ ၅ နာရီကနေ စတင် ကျင်းပမယ့် ဒီရှိုးပွဲက အဆိုတော် ရင်ဂို၊ မျိုးကျော့မြိုင်၊ ဇော်ပိုင်၊ ဝေလ၊ အောင်ထက်၊ မိုးသောက်၊ ကော်နီ၊ ချောစုခင်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ လဖိုင်၊ လူးလူ တို့ကနေ The Ugly Band တီးဝိုင်းနဲ့အတူ နှစ်သစ်ကို ကြိုဆိုပြီး သီချင်းတွေ ဖျော်ဖြေပေးသွားမှာပါ။
လက်မှတ်ဈေးနှုန်းများအနေနဲ့ ၁ သောင်းခွဲကျပ်၊ ၉ ထောင်ကျပ် နှစ်မျိုးရှိပြီး လက်မှတ်များကို ဒီဇင်ဘာလ ၂၁ ရက်နေ့ မှ စတင်ပြီး 4TV Showroom များနဲ့ 1876 Hot Line တို့မှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။
(၃) New Year’s Eve Dinner & Fireworks from Mingalarbar Balloon
ဒီအစီအစဉ်က ကိုယ်ချစ်ခင်ရသူနဲ့ နှစ်ဦးတည်း အေးအေးဆေးဆေး Mingalarbar Balloon စီးပြီး ညစာစားရင်း ရန်ကုန်မြို့ရဲ့ နှစ်သစ်ကူးညကို စိတ်ကူးယဉ်ဆန်ဆန်လေး ဖြတ်သန်းချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ တဦးကို အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာ (မြန်မာငွေ ၇ သောင်းခွဲကျပ်) ကျသင့်မယ့် Exclusive Dinner က လူ ၁၈ ဦးစာပဲ သီးသန့်စီစဉ်ထားတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ရဲ့ အေးချမ်းသပ္ပါယ်လှတဲ့ ရွှေတိဂုံဘုရားမြင်ကွင်းနဲ့ နှစ်ကူးညကို ကြိုဆိုမယ့် မီးရှူးမီးပန်းအလှတွေကို ကြည့်ရှုခံစားနိုင်မယ့် ဒီအစီအစဉ်ကို ခံစားကြည့်ချင်သူတွေအတွက် ညွှန်းပေးချင်ပါတယ်။
(၄) Myanmar Countdown 2018
Forever Group မှ နှစ်စဉ်ကျင်းပပေးနေတဲ့ မြန်မာနိုင်ငံရဲ့ အကြီးကျယ်အခမ်းနားဆုံး ဖျော်ဖြေပွဲကြီး Myanmar Countdown 2018 ကို ဒီနှစ်မှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီကနေ စတင်ပြီး ရန်ကုန်မြို့၊ ကျိုက္ကဆံဘောလုံးကွင်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ နှစ်စဉ် မိုင်ဒါကွင်းမှာ ပြုလုပ်နေကျဖြစ်တဲ့ Myanmar Countdown ပွဲက ဒီနှစ်မှာ ထူးထူးခြားခြား ကျိုက္ကဆံကွင်းမှာ ကျင်းပတာ ဖြစ်ပါတယ်။
ပွဲမှာ နိုင်ငံကျော် အဆိုတော်များဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ လင်းလင်း၊ ဂျီလတ်၊ AR-T, Snare, Bunny Phyo, ရဲရင့်အောင်၊ G-Fatt၊ ချစ်သုဝေ၊ အိမ့်ချစ်၊ ဝိုင်းစုခိုင်သိန်း၊ Bobby Soxxer၊ လိမ္မော်သီး၊ The X-Factor Winner ထွန်းနောင်ဆင့်၊ David Derrick တို့နဲ့ DJ Icez, Dream Lover Band တို့က ဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။ ဝင်ကြေး အခမဲ့ပွဲဖြစ်ပြီး လက်မှတ်များကို 4TV Showroom တွေမှာ မှတ်ပုံတင်နဲ့တကွ အခမဲ့လာရောက် ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
(၅) New Year Countdown IC Live Show
နိုင်ငံကျော် Rock ဂီတအဖွဲ့ဖြစ်တဲ့ Iron Cross Band ရဲ့သီဆိုဖျော်ဖြေမှုတွေနဲ့အတူ နှစ်ကူးညကို ဖြတ်သန်း ချင်ကြသူတွေအတွက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ည ၉ နာရီခွဲ၊ ရန်ကုန်မြို့၊ မိုင်ဒါကွင်းမှာ ကျင်းပ ပြုလုပ်သွားမယ့် New Year Countdown IC Live Show ကို သွားဖို့ လက်တို့ပေးချင်ပါတယ်။
ဒီပွဲက Rock ဂီတချစ်သူတွေအတွက် လက်မလွတ်သင့်တဲ့ပွဲပါ။ ဝင်ကြေး အခမဲ့ပွဲဖြစ်ပြီး ပွဲထဲကို ကိုယ်တိုင် မလာရောက်နိုင်သူတွေအတွက် Big 9 TV Facebook Page နဲ့ MRTV တို့မှာ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။
ဒီလိုဆိုရင် ၂၀၁၈ နှစ်သစ်ကူးညကို ကိုယ်ချစ်ခင်ရသူတွေနဲ့ ဘယ်နေရာမှာ ဘယ်လို ဖြတ်သန်းကြမလဲဆိုတာ အစီအစဉ်ဆွဲဖို့ Ready ဖြစ်ပြီထင်ပါတယ်။ နှစ်ကူးညကို ချစ်ခင်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ နှစ်သစ်ကူးမှာ ပြုလုပ်မယ့် Countdown ပွဲတွေ၊ ရှိုးပွဲတွေအကြောင်း ဧရာဝတီမှ စုစည်းရေးသားပေးလိုက်ပါတယ်။