City FM ရေဒီယိုရဲ့ ၁၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဇန်နဝါရီလ ၁၄ ရက်နေ့ MCC ခန်းမတွင် ပြုလုပ်မှာဖြစ်ပြီး 5 Plus Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“နှစ်စဉ်နှစ်တိုင်းမှာ နှစ်ပတ်လည် အခမ်းအနားရဲ့ တေးဂီတအခွေတွေကို ပုံမှန်ဖြန့်ဝေပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်ရဲ့ ၁၅ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကိုတော့ တေးစီးရီးအခွေမထုတ်ဖြစ်ဘဲနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခမ်းအနားနဲ့ပဲ ကျေနပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ပရိသတ်က တောင်းဆိုလာတယ်။ City FM ရဲ့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိချင်လာတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ 5 Plus နဲ့တွဲပြီးတော့ တိုက်ရိုက်ရုပ်သံထုတ်လွှင့်တဲ့ အစီအစဉ်ကို ပြသသွားမှာ ဖြစ်ပါတယ်” လို့ City FM Radio ရဲ့ အထွေထွေမန်နေဂျာ ဦးရဲနိုင်စိုးက ပြောပါတယ်။
City FM ရဲ့ ၁၆ နှစ်ပြည့်အခမ်းအနားကိုတော့ TV မှ တိုက်ရိုက်ထုတ်လွှင့်မည့်အပြင် နှစ်စဉ်ပြုလုပ်နေကျအတိုင်း တေးသီချင်းခွေလည်း ထွက်ရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ၁၆ နှစ်ပြည့် နှစ်ပတ်လည်တွင် ပါဝင်သွားမယ့် တေးသံရှင်များကတော့ အောင်ထက်၊ ဖြိုးပြည့်စုံ၊ ဝေလ၊ G Fatt၊ ထူးအယ်လင်း၊ နေမင်းအိမ်၊ ဇွဲပြည့်၊ မိုးသောက်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ရတနာမိုင်၊ ထွန်းရတီ ၊ ဆန်းသစ်လ၊ Jewel တို့က ယခင် အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းများအပြင် တေးသီချင်းအသစ်များနဲ့ တင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
City FM Radio ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ရန်ကုန်မြို့တော်အသံဟူ၍ ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံရဲ့ ပထမဆုံး FM Radio အဖြစ် ထုတ်လွှင့်ခဲ့ပါတယ်။