ပြီးခဲ့တဲ့ စနေနေ့က ကျင်းပ ပြုလုပ်ခဲ့သည့် ယခုနှစ် ရန်ကုန် ဓာတ်ပုံပွဲတော်၏ ရန်ကုန်ဓာတ်ပုံည ဆု ပေးပွဲ အခမ်းအနားမှာ အမျိုးသမီး ဓာတ်ပုံဆရာမများ အကြီးအကျယ် အောင်ပွဲခံခဲ့ကြသည်။
ဆယ်ကြိမ်မြောက် ဖြစ်သော အဆိုပါ ပွဲတော်ညတွင် နိုင်ငံတဝန်းမှ ကျွမ်းကျင် ဓာတ်ပုံပညာရှင်နှင့် အပျော်တမ်း ဓာတ်ပုံ ဆရာများ၏ လူ့အခွင့်အရေးမှ တိရစ္ဆာန်အခွင့်အရေး အထိ ကျယ်ပြန့်သော ဆန်ခါတင် ဓာတ်ပုံ အက်ဆေး ၁၆ ခုကို ပြသခဲ့ သည်။
“ဒီနှစ် တင်သွင်းတဲ့ ဓာတ်ပုံ အက်ဆေးပေါင်း ၁၀၀ ကျော်တယ်။ အခုည ပြသမယ့် ဆန်ခါတင် ၁၆ ခုကို ရွေးရတာ ဒီပွဲမှာ အခက်ခဲဆုံး အပိုင်းပဲ” ဟု ပွဲတော်၏ ဒါရိုက်တာ ခရစ်စတိုဖီ လိုဗင်နီ (Christophe Loviny) က ပြောသည်။
ပညာရှင် အဆင့် ၆ ဦးနှင့် အပျော်တမ်း ၁၀ ဦးတို့၏ ဓာတ်ပုံ အက်ဆေးများကို Institut Français de Birmanie တွင် အများပြည်သူ အားလုံးရှေ့တွင် ဓာတ်ပုံဆရာ ဂျူရီလူကြီးများ၊ အခြားပညာရှင်များက ကြည့်ရှုအကဲဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကချင် အမျိုးသမီးတဦးဖြစ်သူ မြစ်ကြီးနား သတင်းဂျာနယ်၏ အယ်ဒီတာချုပ် ဆိုင်းမိုင်၏ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အတွက် တိုက်ပွဲဝင်နေသော အမျိုးသမီးတပ်ဖွဲ့ဝင်များ အကြောင်း ဓာတ်ပုံအက်ဆေးသည် ပညာရှင်အဆင့်တွင် ပထမဆု ရရှိခဲ့သည်။
“ပထမဆု ရလို့ ကျမ အရမ်းဝမ်းသာတယ်။ သံအမတ်တွေ၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဓာတ်ပုံ ပညာရှင်တွေရဲ့ ရှေ့မှာ ကချင် အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကို ပြသခွင့်ရလို့ ပိုပြီး ပျော်ရွှင်မိ ပါတယ်” ဟု အသက် ၂၈ နှစ်အရွယ် ဆိုင်းမိုင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ကချင်ပြည်နယ်မှာ စစ်ဖြစ်နေတယ်။ စစ်ပွဲမှာ ပါဝင်နေရတဲ့ အမျိုးသမီး တပ်ဖွဲ့ဝင်တွေရဲ့ ရုန်းကန်မှုနဲ့ သူတို့ဘဝတွေ ဘာတွေ ဖြစ်နေလဲ၊ ဘယ်လို ရှင်သန်နေကြရလဲ ဆိုတာကို ပြချင်တာပါ” ဟုလည်း သူက ပြောသည်။
“ဒီ ပုံတွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ရိုက်ကူးပါတယ်။ ကျမ လိုင်ဇာကို သွားတယ်။ အာဏာပိုင် တွေ ဆီကနေ ဓာတ်ပုံ ရိုက်ဖို့ ခွင့်ပြုချက် တောင်းတယ်။ ပထမတော့ သူတို့က ငြင်းတယ်။ နောက်ဆုံး ကျတော့ သူတို့ခွင့်ပြုပေမယ့် ၂၄ နာရီပဲ အချိန်ပေးတယ်။ သူတို့ရဲ့ စည်းကမ်းတွေက အရမ်းတင်းကျပ် ပြီး များသောအားဖြင့် သူတို့တွေက မျက်နှာတွေကို မပြချင် ကြဘူး” ဟုလည်း ဆိုသည်။
သို့သော် KIA တပ်မှ မည်သည့် အခါမျှ ထွက်မည် မဟုတ်သောကြောင့် မျက်နှာကို ဓာတ်ပုံရိုက်ခံနိုင် သော အမျိုးသမီး တပ်ဖွဲ့ဝင် တဦးကို ဆိုင်းမိုင် ရှာဖွေနိုင်ခဲ့သည်။
“တရက်တည်း အချိန်ရပြီး ပုံကောင်းကောင်းတွေ ရိုက်ခွင့် မရခဲ့တာကြောင့် ဒီဓာတ်ပုံ အက်ဆေးနဲ့ ပတ်သက်ပြီး ကိုယ့်ကို ကိုယ် အားမရ ဖြစ်ပြီး သိပ်မကျေနပ်မိဘူး။ ဒါပေမယ့် ဒီဓာတ်ပုံအက်ဆေးဟာ ကချင်အမျိုးသမီး တပ်ဖွဲ့ဝင်တွေရဲ့ တကယ့် ဘဝကို တင်ပြနိုင်ခဲ့ပြီး လူတိုင်းက KIA တပ်ဖွဲ့ဝင်တွေကို ဓာတ်ပုံရိုက်ခွင့် မရတာကြောင့် ကျမ ဆုရခဲ့တယ် လို့ထင်ပါတယ်” ဟုလည်း သူက ပြောသည်။
ဆိုင်းမိုင်သည် လွန်ခဲ့သော နှစ်က ပွဲတော်တွင်လည်း အမျိုးသမီး မူးယစ်ဆေးစွဲသူများ အကြောင်း ဓာတ်ပုံ အက်ဆေး တခု အတွက် ဆုရခဲ့သေးသည်။
အပျော်တမ်း အဆင့် ဆုရသူများတွင် မစုစုမွန်သည် သူမ၏ ဘဝပုံရိပ် ဓာတ်ပုံများ အတွက် ဆုရရှိခဲ့ သည်။
“ဆုရမယ် လို့ ကျမ ထင်မထားဘူး။ ကျမ ဘယ်လောက် ပျော်လဲ ဆိုတာ စကားနဲ့တောင် ပြောမပြ တတ်ဘူး” ဟု အသက် ၂၁ နှစ် အရွယ် မစုစုမွန်က စင်မြင့်ပေါ်တွင် မျက်ရည်များကြားမှ ပြောသည်။
သူမရဲ့ ဓာတ်ပုံ အက်ဆေးသည် သူမရဲ့ မိဘများ မရှိဘဲ မောင်နှမ ၅ ဦး လူလား မြောက်ခဲ့ရသည့် ဘဝနှင့် ဘယ်လိုမျိုး မသန်စွမ်း တယောက် ဖြစ်လာခဲ့တယ်၊ ကျော်လွှားခဲ့တယ် ဆိုတာကို ဖော်ကျူး ထားသည်။
ဉာဏ်ဇေထက်သည် ပညာရှင် အဆင့်တွင် ဒုတိယဆု ရခဲ့ပြီး ဆုအဖြစ် အမ်စတာဒမ်မြို့တွင် ပြုလုပ် မည့် “World Press Photo Awards” ကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါသည်။
ဆန်ခါတင် ဓာတ်ပုံအက်ဆေး ၁၆ ခု အနက် ဆုအားလုံးပေါင်း ၉ ခုကို ရွေးချယ်ပေးခဲ့ပါသည်။
ဆယ်ကြိမ်မြောက် ရန်ကုန်ရုပ်ရှင်ပွဲတော် ကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က စတင်ပြီး မတ်လ ၄ ရက်နေ့ အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက www.yangonphoto.com တွင် ကြည့်ရှုနိုင် သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် အကြီးတန်း သတင်းထောက် လွင်မာထွန်း၏ Women Photographers Own Yangon Photo Night 2018 ကို ဘာသာပြန်သည်။)