၁။ တေးရေး သော်ဒီဝေ၏ သီချင်းများကို စုစည်း သီဆိုမည့် “သတ္တုသံပါသော သီချင်းများ” ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ၅.၅.၂၀၁၈ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းဖျော်ဖြေပွဲ တွင် လေးဖြူ၊ အငဲ၊ ဖိုးကျော် အပါအဝင် ထင်ရှားသည့် အနုပညာရှင်များ ပါဝင်မည် ဖြစ်ပြီး လက်မှတ်ဈေးနှုန်းမှ ကျပ် ၁ သောင်းခွဲ မှ ၇ သောင်းကျပ် အထိ သတ်မှတ်ထားသည်။
၂။ ကမ္ဘာ့ထိပ်တန်း ဒီဂျေများ ပါဝင်မည့် Myanmar Premium presents Together Festival Yangon 2018 ဂီတပွဲကို သုဝဏ္ဏမြို့နယ်ရှိ Thuwunnabhumi Event Park တွင် ၅.၅.၂၀၁၈ ရက်နေ့ညနေ ၄ နာရီတွင် စတင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကိုကျပ် ၂ သောင်းခွဲမှ ၇ သောင်းခွဲအထိ သတ်မှတ်ထားကြောင်း သိရသည်။
၃။ ဂီတအဖွဲ့များစွာ ပါဝင်မည့် JAM IT! The Playlist ဂီတဖျော်ဖြေပွဲကို မဟာဗန္ဓုလပန်းခြံလမ်းရှိ The Basement Bar တွင် ၄.၅.၂၀၁၈ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေး အခမဲ့ဖြစ်ကြောင်း သိရသည်။
၄။ မြန်မာ့ ဒီမိုရေစီနိုင်ငံတော်နှင့် စတုတ္ထမဏ္ဍိုင် ပီပြင်စွာ ရပ်တည်ရေး ဒုတိယအကြိမ် မြန်မာသတင်းမီဒီယာ စာတမ်း ဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို သိမ်ဖြူလမ်းရှိ၊ အစိုးရ ဗဟိုပုံနှိပ်တိုက်ခန်းမတွင် ၅.၅.၂၀၁၈ မှ ၆.၅.၂၀၁၈ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတော်တွင် စာတမ်းဖတ်ပွဲများနှင့် အတူစာအုပ်ရောင်းပွဲတော်ကိုလည်း စည်းကားစွာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
၅။ Noise In Yangon နှင့် Pyinsa Rasa တို့ပူးပေါင်း၍ အသံ၊ အက၊ ပန်းပု နှင့် အရောင်များ အသုံးချတင်ဆက်မှုများကို သိမ်ဖြူလမ်း၊ ဝန်ကြီးများရုံးတွင် ၁.၅.၂၀၁၈ မှ ၄.၅.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေး ၂၀၀၀ ကျပ် သတ်မှတ်ထားပြီး မနက်ခင်းမှ နေ့လည်ပိုင်း အထိ အသံ၊ အရုပ်နှင့် အရောင်များကို ပြင်ဆင်ပြသ နားဆင်ရမည် ဖြစ်သည်။ ညနေပိုင်းတွင် ဂီတအနုပညာရှင်များ၏ တင်ဆက်မှုများကို ဆက်လက်ရှုစားရမည် ဖြစ်ကြောင်း သိရသည်။
၆။ အနုပညာရှင် မွန်ဟော်စီ၏ Beautiful Trash, Recycled Installation Arts ပြပွဲကို ပြည်သူ့ဥယျာဉ်ရှိ The Yangon Art Gallery တွင် ၅.၅.၂၀၁၈ မှ ၆.၅.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် စွန့်ပစ် လူသုံးကုန်ပစ္စည်းများ ဖြင့် ဖန်တီးထားသော အင်စတော်လေးရှင်းများကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၇။ ဗုဒ္ဓ၏ ဓမ္မအမွေ ပရိယတ်စာပေပွဲတော်ကို ပန်းဆိုးတန်း (အထက်) လမ်းရှိ အင်းဝစာအုပ်တိုက်တွင် ၆.၅.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ထင်ရှားကျော်ကြားသည့် ဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်များ ပြုစုခဲ့သည့် ဗုဒ္ဓစာပေများကို တနေရာတည်းတွင် စုံလင်စွာ ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
၈။ ပန်းချီဆရာ ၇ ဦးပါဝင်မည့် Art For All ပန်းချီပြပွဲကို ဗိုလ်အောင်ကျော်လမ်းရှိ Bo Aung Kyawst Art Gallery တွင် ၅.၅.၂၀၁၈ မှ ၇.၅.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီဆရာများ၏ မတူညီသည့် ပန်းချီဖန်တီးမှု လက်ရာများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။
၉။ ကြက်ခြေနီရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ပြည်သူ့ဥယျာဉ်တွင် ၅.၅.၂၀၁၈ မှ ၆.၅.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဈေးရောင်းပွဲတွင် နာမည်ကျော် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ အစားအစာနှင့် အသုံးအဆောင် ပစ္စည်း ဆိုင်ခန်းများ ပါဝင်မည် ဖြစ်ပြီး တိုက်ပွဲရှောင် ပြည်သူများနှင့် လူမှုကရုဏာ လုပ်ငန်းများ အတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
၁၀။ ပုံရိပ်များနှင့် စီးမျောခြင်း မြန်မာ့ခေတ်ပေါ် ဓာတ်ပုံနှင့် ရုပ်ရှင်အနုပညာ ပြပွဲကို သိမ်ဖြူလမ်း၊ ဝန်ကြီးများရုံးတွင် ၅.၅.၂၀၁၈ မှ ၂၇.၅.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ မြန်မာ့သမိုင်းဝင် ရှေးဟောင်း ရုပ်ရှင်ကားများ ပြသခြင်း၊ ဓာတ်ပုံပြပွဲများပါဝင်မည် ဖြစ်ပြီး ဝင်ကြေး ၂၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။