ကချင်တိုင်းရင်းသူတယောက်ဖြစ်တဲ့ မော်ဒယ် ဂျေနော်ကတော့ ၂၀၁၈ခုနှစ် တနှစ်ပတ်လုံးက အနုပညာ လုပ်ငန်းမှ ရရှိမယ့် အနုပညာကြေးများကို စစ်ဘေးအန္တရာယ် ဒုက္ခများကြားတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရတဲ့ စစ်ဘေး ရှောင်များအတွက် ကူညီထောက်ပံ့လှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့ သူမရဲ့ Facebook မှာ ရေးသားထားပါတယ်။
“၂၀၁၈ ခုနှစ် တနှစ်ပတ်လုံး နောလေး အနုပညာလုပ်ငန်းမှရရှိတဲ့ အဖိုးအခ(အနုပညာကြေး)များ အားလုံးကို နောလေးတို့ သွေးသား ညီအကိုမောင်နှမများ အခုလိုစစ်ဘေးအန္တရာယ် ဒုက္ခတွေကြားကနေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့အချိန် နောလေး ချွေးနဲစာလေးနဲ့ ကူညီထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ နောလေး ပိုက်ဆံချမ်းသာနေလို့ မဟုတ်ရပါရှင်” လို့ လှူဒါန်းမယ့် အကြောင်းကို ပြောပြထားပါတယ်။
စစ်ဘေးရှောင် ဒုက္ခရောက်ပြီး ထွက်ပြေးတိမ်းရှောင်လာကြရတဲ့ သက်ကြီးရွယ်အိုများ ၊ ကိုယ်ဝန်ဆောင်မိခင်တချို့နှင့် နာမကျန်းသော ကလေးငယ်များ ၊ ကျန်းမာရေးချို့တဲ့သူတွေ ခံစားခဲ့ရမယ့် ဒုက္ခ ၊ပင်ပန်းဆင်းရဲမှုများ ၊ အခက်အခဲများ ကို ကိုယ်ချင်းစာမိကာ လူုသားချင်းစာနာထောက်ထားပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေထဲက ပြည်သူတွေကို ကူညီခွင့်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်လို့လည်း ပြောထားပါတယ်။
“လတ်တလော ပိတ်မိနေတဲ့ စစ်ပြေးရှောင်ရင်း ဒုက္ခဆင်းရဲ ပင်ပန်းမှုပေါင်းများစွာ ကြိတ်မှိတ်အံတင်းရင်း နောက်ဆုံး တော့ အခက်အခဲတွေကြားက တချို့တဝက်(လိုင်နောင်းခူးကျေးရွာ) ကနေ လွတ်မြောက်လာခဲ့ပြီဖြစ်တဲ့ သွေးသား ညီအကို မောင်နှမတွေ အခုတော့ ကားမိုင်းမြို့ပေါ် နှစ်ခြင်းခရစ္စယာန်ဘုရားကျောင်းမှာ ခိုလှုံခွင့်ရရှိပြီမို့ စိတ်အနည်း ငယ် သက်သာသလိုရရှိသလို သမီးလုပ်ချင်တဲ့ လုပ်ငန်းဆောင်တာ အားလုံးနဲ့ အလှူအတန်း လုပ်ငန်းအားလုံးကို မငြီးမငြူ လိုက်လံဖြည့်ဆည်းပေးတဲ့ မေမေ့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်မေမေ” လို့ ဂျေနော်က ပြော ထားပါတယ်။
ဂျေနော်ကတော့ လက်ရှိအချိန်မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနားမှာရှိတဲ့ စစ်ဘေးရှောင်စခန်းများကို ကိုယ်တိုင် သွားရောက်ကာ လှူဒါန်းမှုများ ပြုလုပ်နေလျက် ရှိပါတယ်။
ကချင်တိုင်းရင်းသူလေးတယောက်ဖြစ်တဲ့ ဂျေနော်ကတော့ မော်ဒယ်အလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင်နေတဲ့သူ တယောက် ဖြစ်ပါတယ်။