ပန်းချီလှိုင်ဘွားဟာ အမေရိကန်ပေါ့အတ်ပန်းချီဆရာ အင်ဒီဝါးဟိုးရဲ့ မွန်ရိုး၊ ပရက်စလေ၊ ကနေဒီ စတဲ့ပန်းချီကားတွေကို နှစ်သက်ခဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့်မွေးနေ့အတွက် ရည်ရွယ်ကျင်းပတဲ့ သူရဲ့ပထမဆုံးပန်းချီပြပွဲမှာတော့ သူက မွန်ရိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာလဲခဲ့ပါတယ်။
“ပေါ့အတ် Pop Art ကို မြန်မာနိုင်ငံမှာ အရင်ကတည်းက လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် စိမ်းနေသေးတယ်လို့ ကျနော် ခံစားရတယ်။ သူ့ရဲ့သဘောက လူထုကြားမှာ ရေပန်းစားတဲ့ Figure တွေကို ရေးကြတာကိုး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ပုံလေးနဲ့ ဆိုရင် Figure ရော၊ Subject ရောက Strong ဖြစ်သွားတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို ဂုဏ်ပြုချင်တာလည်းပါတယ်” လို့ ဦးလှိုင်ဘွားက ဆိုပါတယ်။
73 Sketches လို့ နာမည်ပေးထားတဲ့ ဒီပန်းချီပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၂ လက်မ ၁၀ လက်မပတ်လည်ပန်းချီကား ၇၃ ကားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Figure ၇၃ ပုံပါဝင်တဲ့ ၅ ပေ ၁၅ ပေကားကြီး ၁ ကားကိုပြသသွားမှာဖြစ်ပါတယ်။
ဒီပန်းချီပြပွဲမှာ အရင်ကတွေ့မြင်နေကျ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားတွေနဲ့ကွဲပြားတဲ့ Pop Art ပန်းချီပုံစံ ရောင်စုံ Figure ပန်းချီကားစီးရီးကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကြောင့် ကာရိုက်တာမိဖို့၊ သက်ဝင်လှုပ်ရှားမှုရှိဖို့မှာ စိတ်ဖိစီးမှုတွေရှိခဲ့တယ်။ ပန်းချီကား ၂၀ လောက်ပျက်ပြီးမှ အဆင်ပြေသွားတာ။ သူက အရောင်အရင့်တွေသုံးရင် မကောင်းဘူး။ ခက်ထန်သွားတယ်။ အဲဒါကြောင့် Sweet ဖြစ်တဲ့အရောင်တွေကို ဦးစားပေးသုံးခဲ့ရတယ်။ Beauty ဘက်ကို ကျနော် သွားထားတယ်” လို့ ဦးလှိုင်ဘွားက ဆိုပါတယ်။
၅ ပေ ၁၅ ပေပန်းချီကားကြီးမှာ ဒေါ်အောင်ဆန်းစုကြည်နှစ်သက်တဲ့ ကဗျာဆရာကြီးဇော်ဂျီရဲ့ ပန်းပန်လျက်ပဲကဗျာကို ထည့်သွင်းရေးသားထားပါတယ်။
“လက်ရှိဒေါ်အောင်ဆန်းစုကြည်သည် အခက်အခဲတွေ အများကြီးဘဲ။ ဒါတွေကို ကြံ့ကြံ့ခံပြီး သူရှေ့ဆက်နေတယ်ပေါ့လေ။ ဆိုတော့ သူရဲ့ Life နဲ့လည်း ဆက်စပ်တယ်။ လက်ရှိ သူဖြစ်နေတဲ့ နိုင်ငံတည်ဆောက်ရေးနဲ့ပတ်သက်တဲ့ ရုန်းကန်မှုတွေနဲ့လည်း အကျုံးဝင်လို့ ဒီစာသားလေးထည့်ပေးထားတာပါ” လို့ ပန်းချီလှိုင်ဘွားက ဆိုပါတယ်။
73 Sketches ပန်းချီပြပွဲကို တက္ကသိုလ်ရိပ်သာလမ်းဟောင်း၊ ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးမှာရှိတဲ့ အလှသစ်ပန်းချီပြခန်းမှာ ဇွန် ၁၉ ကနေ ၂၁ အထိ ပြသသွားမှာဖြစ်ပါတယ်။ ပန်းချီကားတစ်ကားကို ဒေါ်လာ ၁၀၀ သတ်မှတ်ထားပါတယ်။
ပန်းချီလှိုင်ဘွားဟာ ယဉ်ကျေးမှုတက္ကသိုလ်က ပန်းချီကျောင်းဆင်းတဦးဖြစ်ပြီး ဒီမိုကရေစီတူဒေးသတင်းစာမှာ ဒုတိယအယ်ဒီတာချုပ် အဖြစ်ဆောင်ရွက်နေတဲ့ ဂျယ်နယ်လစ်တဦးလည်းဖြစ်ပါတယ်။
အခုချိန်မှာ သူဟာ ပြင်သစ်အင်ပရက်ရှင်းနစ်ပန်းချီဆရာ Toulouse-Lautrec ရဲ့ Toulouse-Lautrec Life and work စာအုပ်နဲ့ Surrealism: Modern Art Movements ဆိုတဲ့ ပန်းချီစာအုပ် ၂ ကို ဘာသာပြန်ထုတ်ဝေထားပါတယ်။ မြန်မာမော်ဒန်ပန်းချီဆရာပေါ်သိမ်းရဲ့အတ္ထုပ္ပတ္တိစာအုပ်နဲ့ ပန်းချီဆောင်းပါးပေါင်းများစွာကိုလည်း ရေးသားနေပါတယ်။