ဝါကျွတ်အချိန်ကာလမှာ မင်္ဂလာဆောင်တော့မယ့် မောင်နှံများအတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး ပြုလုပ်မယ့် “Prestige Wedding Show Case 2019” ပွဲမှာတော့ ဒီဇိုင်နာ ၈ ဦးရဲ့ လက်ရာများကို ပြသပေးသွားမယ်လို့ သိရပါတယ်။
“မကြာခင် ဝါကျွတ်တာနဲ့ မင်္ဂလာပွဲ ကျင်းပတော့မယ့် မင်္ဂလာမောင်နှံတွေအတွက် တနေရာတည်းမှာပဲ ရစေချင်တယ်။ တော်တော်များများက ကိုယ့်မင်္ဂလာပွဲဆိုရင် ခန့်မှန်း ကုန်ကျစရိတ်ကို မသိတဲ့အခါကျတော့ ဒီခန့်မှန်း ကုန်ကျစရိတ်ကို တွက်ပေးမယ့် Planner (စီစဉ်သူတွေ) ပါပါမယ်” လို့ Prestige Event Wedding Planning Service မှ မသန္တာဆွေ ကပြောပါတယ်။
အဲ့ဒီ Prestige Wedding Show Case မှာတော့ တတ်နိုင်သလောက် လျော့ဈေးများဖြင့် ပြုလုပ်နိုင်အောင် စီစဉ်ထားပြီး Wedding Show များ များပြားလာတဲ့အတွက် မတူညီတဲ့ပုံစံနဲ့ တင်ဆက်နိုင်အောင် ကြိုးစားထားပါတယ်လို့ သိရပါတယ်။
Prestige Wedding Show Case 2019 မှာတော့ ဒီဇိုင်များဖြစ်ကြတဲ့ ဒီဇိုင်နာ ပြည်စိုးအောင် ၊ မပုံ့(My Favourite)၊ ဒီဇိုင်နာ ဌေးဌေးတင်၊ Won Yone (Your Unique) ၊ ဒီဇိုင်နာဖြူလေး၊ ဒီဇိုင်နာ ထူးထူး၊ ဒီဇိုင်နာ စန္ဒီလင်းနိုင် ၊ ဒီဇိုင်နာ ယုဝါအောင်တို့ရဲ့ မြန်မာဝတ်စုံ ၊ ဂါဝန် ၊ ပွဲတက်ဝတ်စုံနဲ့ ထိုင်မသိမ်းဝတ်စုံဒီဇိုင်းများကို ဇူလိုင်လ ၂၈ ရက်နေ့နဲ့ ၂၉ရက်နေ့များမှာ ရန်ကုန်မြို့ ဆူးလေ-ရှန်ဂရီလာဟိုတယ်မှာ ၂ ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။
“Wedding Fair တွေက အရမ်းများတဲ့အခါကျတော့ တပွဲနဲ့ တပွဲ ပုံစံတူတာတွေ ဖြစ်မှာစိုးလို့ ဒီပွဲမှာဆိုရင် တကယ်လာတဲ့အခါမှာ တကယ်တန်တယ် ဆိုတာမျိုး ဖြစ်စေချင်တဲ့အတွက် လာရောင်းချမယ့်သူတွေနဲ့ ပေါင်းပြီးတော့ ပုံစံမတူတဲ့ Discount မျိုး ပေးဖို့အတွက် စဉ်းစားထားပါတယ်”လို့ Prestige Event Wedding Planning Service မှ မသန္တာဆွေက ဆိုပါတယ်။
မကြာခင် ပြုလုပ်မယ့် Wedding Fair ကတော့ ယခင်နှစ်ကလည်း ပြုလုပ်ကျင်းပခဲ့ပြီး အောင်မြင်မှု ရရှိခဲ့တဲ့အတွက် ယခုနှစ်မှာ ဒုတိယအကြိမ်မြောက် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။