နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက်ရှိတဲ့ လူရွှင်တော် သက်ကြီးပူဇော်ပွဲကိုလည်း ဒီနှစ်မှာ ပြုလုပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
သြဂုတ်လ ၆ ရက်နေ့မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ လူရွှင်တော်အသင်းမှ တာဝန်ရှိသူများ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့ပြီး သက်ကြီးပူဇော်ပွဲအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ လူရွှင်တော်အသင်းရဲ့ စာရင်းစစ် ဦးငြိမ်းချမ်းက ဧရာဝတီကို အခုလိုပြောပါတယ်။
“ဦးတို့အသင်းက သက်ကြီးပူဇော်ပွဲလုပ်ဖို့ ရန်ပုံငွေပွဲအနေနဲ့ ဘောလုံးပွဲလုပ်ချင်တယ်၊ ဘောလုံးကန်ချင်တယ် လို့ ပြောတော့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အောင်ဆန်းကွင်းပေးတယ်၊ အလှူငွေ သိန်း(၁၀၀)ထည့်တယ်၊ လှူဖို့အလှူရှင်တွေလည်း ဖိတ်ပေးမယ်ပေ့ါ၊ ပွဲကမယ်ဆိုလည်း ပွဲမိန့်တွေရဖို့ သူစီစဉ်ပေးမယ်လို့ ပြောတယ်”
“အဲ့ဒီပွဲကိုလည်း သူကိုယ်တိုင်နိုင်ငံခြားခရီးစဉ်တွေ၊ ဘာတွေ မရှိရင်တက်ပြီးတော့ချီးမြှင့်ပေးမယ်လို့ ပြောပါတယ်။ သက်ကြီးပူဇော်ပွဲအတွက် အခုမှဦးတို့က ဦးဖြိုးမင်းသိန်းဆီကနေ ခုမှသိရတာဆိုတော့ ဦးတို့တွေ ပြန်လည်တိုင်ပင်ပြီးတော့ ရက်အတိအကျ အစည်းအဝေးလုပ်ပြီးတော့ အတည်ပြုသွားမယ်လို့ပြောပါတယ်” လို့ ဦးငြိမ်းချမ်း က ဧရာဝတီကိုပြောပါတယ်။
လူရွှင်တော် သက်ကြီးပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း (၉)လပိုင်း (၉)ရက်နေ့ မှာပြုလုပ်နေကျဖြစ်တယ်လို့ သိရပါတယ်။ လူရွှင်တော်အသင်းရဲ့ ပထမဆုံး သက်ကြီးပူဇော်ပွဲကို ၂၀၁၄ ခုနှစ် ဇွန်လ(၂၆) ရက်နေ့က ရန်ကုန်မှာ စတင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။