ရန်ကုန်မြို့မှာ နှစ်စဉ် ကျင်းပလျက်ရှိတဲ့ ဥရောပရုပ်ရှင်ပွဲတော်ရဲ့ ၂၇ ကြိမ်မြောက်ကိုတော့ စက်တင်ဘာလ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံနဲ့ Goethe Villa တို့မှာ ပြုလုပ် ကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါ ဥရောပရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့နဲ့ Goethe Institute Myanmar တို့က ကြီးမှူးကျင်းပတာဖြစ်ပြီး ဥရောပ နိုင်ငံ ၁၇ နိုင်ငံမှ ပူးပေါင်းပါဝင်ထားတာ ဖြစ်ပါတယ်။
“ဥရောပရုပ်ရှင်ပွဲတော်ကို လာရောက်ကြတဲ့ ဧည့်သည်တွေအနေနဲ့ ဒီပွဲကနေတဆင့် ကျနော်တို့ရဲ့ မတူညီတဲ့ ယဉ်ကျေးမှုအောက်မှာ တူညီတဲ့ လူသားဆန်မှု တခုကို ဝေမျှနေကြတယ်ဆိုတာ တွေ့မြင်လေ့လာနိုင်မှာ ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E Kristian Schmidt က ပြောပါတယ်။
ယခုနှစ် ဥရောပရုပ်ရှင်ပွဲတော်မှာတော့ ဥရောပနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၇ ကားကို ပြသသွားမှာဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပွဲဦးထွက်အနေနဲ့ “Django” ဇာတ်ကားကို နေပြည်တော်ရုပ်ရှင်ရုံမှာ ပြသသွားမှာ ဖြစ်ပါတယ်။
Django ရုပ်ရှင်ကားဟာ ရုပ်ရှင်ကြည့်ပရိသတ်တွေကို ၁၉၄၀ ပြည့်နှစ်ကာလက ပြင်သစ်နိုင်ငံရဲ့ စစ်ပွဲကာလတွေဆီကို စိတ်ဝင်စားဖွယ် ဆွဲခေါ်သွားပေးနိုင်တဲ့ အတ္ထုပတ္တိ သမိုင်းကြောင်း ရုပ်ရှင်ကားတကားဖြစ်ပြီး အဲဒီကာလများအတွင်း အကောင်းဆုံး ဂစ်တာသမား တယောက်အဖြစ် အသိအမှတ် ပြုခံရတဲ့ Django Reinhhardt ရဲ့မြူးကြွတဲ့ ဂီတ လက်ရာများ ၊ Gypsy-Jazz ဂီတများကို လူစိတ်ဝင်စားလာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် အဆိုပါ ရုပ်ရှင်ကားမှာ ပါတဲ့ ဂီတအနုပညာများကို မြန်မာနိုင်ငံက ရုပ်ရှင်ချစ်သူတွေ သဘောကျနှစ်သက်မယ့် ဇာတ်ကားဖြစ်ပါတယ်။
ပြသသွားမယ့် ရုပ်ရှင်ကားတွေကတော့ ပြင်သစ်၊ ဂျာမနီ၊ ဒိန်းမတ်၊ ဗြိတိန်၊ ဖင်လန်၊ ပိုလန်၊ သြစတြေးယား၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ ပေါ်တူဂီ၊ စပိန်၊ နယ်သာလန်၊ အီတလီ၊ အစ္စရေး၊ ဘယ်လ်ဂျီယံ၊ ချက်ဇ် ရီပတ်ဗလစ်တို့မှ ရုပ်ရှင်ကားများ ဖြစ်ပါတယ်။
ရုပ်ရှင်လက်မှတ်များကို အခမဲ့ ရယူနိုင်ပြီး ရုပ်ရှင်ပြသရန် ၁ နာရီအလိုမှ မပြခင် ၁၅ မိနစ်အလိုထိ လက်မှတ်များကို ဦးရာလူ စနစ်ဖြင့် သက်ဆိုင်ရာ ကောင်တာများမှာ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။