Hollywood အခြေစိုက် Virgelia Products Inc က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် မြန်မာ-ကမ္ဘာ အလှမယ်ရွေးချယ်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပမယ့်အကြောင်း စာနယ်ဇင်းပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့က Orchid Hotel မှာ ကျင်းပခဲ့ပါတယ်။
“အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Myanmar Community ထဲကနေ စနစ်တကျပြိုင်ပွဲနဲ့ရွေးချယ်ပြီး Miss Myanmar USA Title နဲ့ မြန်မာနွယ်ဖွား တက္ကသိုလ်ကျောင်းသူတဦး ဝင်ရောက် ယှဉ်ပြိုင်စေချင်တဲ့ အတွက် အခုလို မြန်မာနွယ်ဖွား တက္ကသိုလ်ကျောင်းသူလေးတွေကို မြန်မာနိုင်ငံ ဖိတ်ခေါ်ပြီး Miss Myanmar USA 2019 ကို ပထမဆုံးအကြိမ် ကျင်းပရခြင်းဖြစ်ပါတယ်”လို့ စီစဉ်သူ ဦးဂျော်နီညိမ်းက ပြောပါတယ်။
Virgelia Products Inc က ရုပ်ရှင်၊ကတ်တလောက်၊ ဓာတ်ပုံစတဲ့ အနုပညာလုပ်ငန်းများ လုပ်ကိုင်နေပြီး ၁၉၈၇ ခုနှစ်က စတင်ကာ Miss Asia USA အလှမယ်ရွေးချယ်ပွဲတွေ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
ုမြန်မာနိုင်ငံမှာ လာရောက် ကျင်းပရတာနဲ့ပတ်သက်ပြီးလည်း စီစဉ်သူ ဦးဂျော်နီညိမ်းက အခုလို ဆိုပါတယ်။
“ဒီပြိုင်ပွဲဝင် Miss လေးတွေကို ကိုယ့်ရဲ့ဇာစ်မြစ် Root ၊ကိုယ့်ရဲ့ ပေါက်ဖွားလာတဲ့ ဘိုးဘွား မိဘမျိုးရိုးတွေရဲ့ ဘူမိနက်သန်မြေဖြစ်တဲ့ မြန်မာနိုင်ငံမှာ ခြေချပြီး မြန်မာ့ယဉ်ကျေးမှု ရိုးရာ အစဉ်အလာနဲ့ အမွေအနှစ်တွေကို သိရှိစေလိုတာကြောင့် နှစ်စဉ် မြန်မာနွယ်ဖွား အမေရိကန် တက္ကသိုလ်ကျောင်းသူ ပြိုင်ပွဲဝင်တွေနဲ့ Miss Myanmar USA အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှာပဲ ကျင်းပဖို့ ရည်ရွယ်ထားပါတယ်”လို့ စီစဉ်သူက ပြောပါတယ်။
ကမ္ဘာအရပ်ရပ်က ပြိုင်ပွဲဝင် မြန်မာနွယ်ဖွားတွေကို လျှောက်လွှာနဲ့ခေါ်ယူထားတာဖြစ်ပြီး ပြိုင်ပွဲဝင်တွေဟာ မြန်မာနိုင်ငံကို အောက်တိုဘာလ ၂၀ ရက်နေ့မှာ ရောက်ရှိလာကြမှာဖြစ်ပါတယ်။
ပြိုင်ပွဲကြီးကို နိုဝင်ဘာလ ၃ ရက်နေ့၊ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းရှိ Hexagin Complex မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ပထမဆုကို အမေရိကန်ဒေါ်လာ ၃၀၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၂၀၀၀ ၊ တတိယဆုကို အမေရိကန်ဒေါ်လာ ၁၀၀၀ ချီးမြှင့်မှာဖြစ်ပြီး အခြားTitle ဆုတွေလည်း ပေးမယ်လို့ သိရပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာ Winner ဆုရှင်ဖြစ်တဲ့ သူက ၂၀၁၉ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် Miss Asia USA 2019 ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။