နာမည်ကျော် ဒီဇိုင်နာများရဲ့ လက်ရာဒီဇိုင်းများ၊ နိုင်ငံကျော် အနုပညာရှင်များ၊ မော်ဒယ်များ၊ မိတ်ကပ်ပညာရှင်များရဲ့ မိတ်ကပ်ဖန်တီးမှုလက်ရာများကို တနေရာတည်းမှာ လေ့လာကြည့်ရှုနိုင်မယ့် ၆ ကြိမ်မြောက် Myanmar International Fashion Week ကို ဒီဇင်ဘာလအတွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ Myanmar International Fashion Week ကို ရန်ကုန်မြို့၊ ရွှေထွဋ်တင်ကွင်းရှိ Hexagon Complex မှာ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ ရက်တာပြုလုပ်မှာ ဖြစ်ကာ ဝင်ကြေး အခမဲ့ဖြင့် မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
“Fashion Week ကို လုပ်လာတာ အခုဆိုရင် ၆ ကြိမ်မြောက် ရှိပါပြီ။ ရည်ရွယ်ချက်ကတော့ Fashion လောကကို Promote လုပ်ရင်းနဲ့ မော်ဒယ်လောကကို တိုးတက်အောင် လုပ်တာဖြစ်ပါတယ်။ အရင်ကဆိုရင် ဒီဇိုင်နာဆိုတာ မရှိဘဲ အပ်ချုပ်တဲ့သူတွေပဲ ရှိခဲ့တယ်။ အဲဒါကြောင့် ဒီဇိုင်နာရှိမှ မော်ဒယ်လောကကြီး တိုးတက်မှာဖြစ်လို့ ဖက်ရှင်လောကကို Promote လုပ်တာဖြစ်ပါတယ်” လို့ Myanmar International Fashion Week ကို စီစဉ်သူ ဂျွန်လွင်က ပြောပါတယ်။
ဒီပွဲမှာတော့ မြန်မာနိုင်ငံမှ မော်ဒယ်ပေါင်း ၁၂၀ ကျော်နဲ့ နာမည်ကြီး မင်းသား မင်းသမီးများစွာ ပါဝင်သွားမယ်လို့ သိရပါတယ်။ တခြားနိုင်ငံများမှာတော့ တနှစ်ကို အနည်းဆုံး ၂ ကြိမ်ခန့် ပြုလုပ်ကျင်းပလေ့ ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ နိုင်ငံရဲ့အခြေအနေအရ တနှစ်မှာ တကြိမ်သာ ပြုလုပ်လို့ရတယ်လို့ သိရပါတယ်။
Myanmar International Fashion Week ကို နှစ်စဉ်ကျင်းပနေတာ ယခုနှစ်မှာတော့ ၆ ကြိမ်ရှိပြီဖြစ်ပြီး ဒီနှစ်မှာလည်း ထူးခြားမှုများနဲ့အတူ ပြည်တွင်း ပြည်ပမှ အနုပညာရှင်များ တက်ရောက်သွားမယ်လို့ သိရပါတယ်။