နှစ်သစ်ကို ကြိုဆိုမယ့် လူတွေအတွက် ရန်ကုန်မြို့မှာ ပွဲတွေကို နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ်မှာလည်း နှစ်သစ်ကို သူငယ်ချင်းတွေနဲ့ အပြင်ထွက်ချင်သူတွေအတွက် ရန်ကုန်မြို့မှာ ကျင်းပမယ့် ပွဲတော်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Myanmar Countdown 2019 (မိုင်ဒါကွင်း)
ဒီပွဲကိုတော့ မိုင်ဒါကွင်းမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ကနေ စပြီး ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။ ပွဲလက်မှတ်ကတော့ အခမဲ့လို့ Myanmar Countdown 2019 ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၃၁ရက်နေ့မှာ ဖျော်ဖြေမယ့် အဆိုရှင်တွေကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ လင်းလင်း ၊ Snare၊ Ar-T၊ ဘန်နီဖြိုး၊ G Fatt ၊ သာဒီးလူ၊ အိမ့်ချစ်၊ နီနီခင်ဇော်နဲ့ မိစန္ဒီတို့က ဖျော်ဖြေမှာ ဖြစ်ပြီး ဝင်ခွင့်လက်မှတ်များအား Forever Group ရုံးချုပ်နဲ့ Canal+ ဆိုင်ခွဲများမှာ မှတ်ပုံတင်တခုကို လက်မှတ် နှစ်စောင်နှုန်း ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
(၂) ရိုးရာမီးပုံပွဲတော် (သုဝဏ္ဏမိုးလုံလေလုံ ၁ )
ဒီပွဲကတော့ နှစ်ကူးအကြိုပွဲနဲ့ ရိုးရာမီးပုံးပွဲတော်ကို ပေါင်းပြီး ကျင်းပမယ့် ပွဲဖြစ်သလို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ ပွဲထဲမှာ တိုင်းရင်းသားရိုးရာ အစားအသောက်တွေကို ဘူဖေးရောင်းချပေးမယ့်အပြင် ရိုးရာ အဝတ်အထည်၊ အသုံးအဆောင်တွေကို ရောင်းချမယ့် ညဈေးတန်းလည်းပါမယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုင်းရင်းသူတွေရဲ့ အလှမယ်ပွဲလည်းပါဦးမှာ ဖြစ်ပါတယ်။ အခြားဖျော်ဖြေမယ့် အဆိုတော်တွေကတော့ မိုးမိုး၊ ဖိုးပြည့်(ကိုယ်စောင့်နတ်)၊ ယုန်လေး၊ ဆူဇီ၊ သူထူးစံ၊ နေဒွေး ၊ဆုပန်ထွာ၊ မေပန်းချီ၊ ဘေဘီမောင်နဲ့ အခြား တိုင်းရင်းသား အဆိုတော်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ပွဲတွင်းကာလမှာ တိုင်းရင်းသားရိုးရာ အကဖြစ်တဲ့ တိုးနယား၊ ဒေါင်းအက၊ ဗုံအက၊ ဓားသိုင်း၊ ကချင်ရိုးရာအက၊ ကောက်ရိတ်သိမ်း အကတွေကို ဖျော်ဖြေမှာ ဖြစ်ပြီး ရိုးရာခေါင်ရည်၊ ရခိုင်လှော်စာ၊ ရှမ်းဟင်းထုတ်၊ ချင်းရိုးရာ ဆာဗူးသီး စတာတွေကို ရောင်းချမှာ ဖြစ်ပါတယ်။
(၃) Myanmar Premium Countdown 2019
သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်မယ့် Myanmar Premium Countdown ကတော့ နိုင်ငံတကာမှ အနုပညာရှင်တွေ လာရောက် ဖျော်ဖြေမယ့် ပွဲတပွဲ ဖြစ်ပါတယ်။ နိုင်ငံတကာက အနုပညာရှင်တွေ အနေနဲ့ Dyro, Kayzo, MaRlo, Vini Vici တို့ ပါဝင်မှာ ဖြစ်ပြီး ပြည်တွင်း အနုပညာရှင်တွေ အနေနဲ့ BG,Double U,EMJ, PAST12 b2b Y3llO တို့ ပါဝင်မှာပါ။
လက်မှတ်ဈေးနှုန်းတွေကတော့ ရိုးရိုး GA အတွက် ၃ သောင်းခွဲဖြစ်ပြီး VIP အတွက် ၈ သောင်း ကျသင့်မှာ ဖြစ်ပါတယ်။ EDM ပရိသတ်တွေ အထူးကြိုက်နှစ်သက်မယ့် ဒီပွဲအကြောင်းကို ပိုမိုသိချင်တယ် ဆိုရင်တော့ Myanmar Premium Coumrdown ရဲ့ Facebook Page မှာ လေ့လာနိုင်ပါတယ်။
(၄) 31/18 Countdown Party (Vista Rooftop Bar)
ရွှေဂုံတိုင်မှာ ရှိတဲ့ Vista Rooftop Bar မှာ ပြုလုပ်မယ့် “31/18” ကတော့ Hip Hop ပွဲ တပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ဖျော်ဖြေမယ့် အဆိုတော်တွေကတော့ Jimmy Jacob, Chank Nyein Ko, Luffie, Bo Htet, Trigger, Reload, Nay တို့ ပါဝင်မှာ ဖြစ်ပြီး DJ အနေနဲ့ JCZ က ပါဝင်မှာ ဖြစ်ပါတယ်။ ပွဲလက်မှတ်တွေကို ကြိုတင်ဝယ်ယူမယ် ဆိုရင်တော့ Vista Barနဲ့ Dagon Center 2 မှာ ရှိတဲ့ Classic Collection ဝယ်ယူနိုင်ပြီး လက်မှတ်ဈေးကတော့ ၇၀၀၀ ကျပ်လို့ သိရပါတယ်။
(၅) New Year Eve 2019
ဒီပွဲကတော့ ထူူးထူးခြားခြားပါပဲ။ ဗိုလ်တထောင်ဆိပ်ကမ်းကနေ ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီမှာ စထွက်မှာ ဖြစ်ပြီး ညသန်းခေါင်ကျော်တဲ့ အထိ ရေလယ်မှာ ရှိနေမှာ ဖြစ်ပါတယ်။ နှစ်သစ်ကို ပင်လယ်ဝမှာ ကူးရတဲ့ ခံစားချက်မျိုးကိုပေးမယ့် ဒီသင်္ဘောပေါ်က နှစ်ကူးပွဲအတွက် လက်မှတ်ဈေးကတော့ မြန်မာငွေကျပ် ၄ သောင်းမှ စတင်တယ်လို့ သိရပါတယ်။ အစားအသောက် အစီအစဉ်အနေနဲ့ အင်တာနေရှင်နယ် ဘူဖေးကျွေးမှာ ဖြစ်ပြီး စည်ဘီယာမျိုးစုံ ပါဝင်မယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။