တရုတ်နိုင်ငံမြောက်ပိုင်းက Heilongjiang ပြည်နယ်မှာ ကမ္ဘာ့အကြီးဆုံးရေခဲပွဲတော်ကြီးကို စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီပွဲတော်ကြီးကို ခမ်းခမ်းနားနားကျင်းပနိုင်ဖို့ အံသြစရာ အစီအစဉ်တွေကို စတင်ဆောင်ရွက်နေကြပါတယ်။
ဒီပွဲတော်ကိုတော့ ဇန်နဝါရီ ၅ ရက်နေ့ကနေ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ ကျင်းပသွားဖို့ အစီအစဉ်ရှိနေတာ ဖြစ်ပါတယ်။ အလည်လာရောက်ကြတဲ့ ကမ္ဘာအဝှမ်းက လူတွေရှေ့မှောက်မှာ ဖွင့်ပွဲ အစီအစဉ်တွေကို ကြီးကျယ် အောင်ပြင်ဆင်ထားပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ဖို့ တရုတ် အစိုးရက ပြင်ဆင်ထားပါတယ်။
ဒီနှစ်ရေခဲပွဲတော်နဲ့ Snow World ပွဲတော်အတွက် ရေခဲပြင် ၆ သိန်း စတုရန်းမီတာ အထိ တိုးချဲ့ထားပြီး နာမည်ကျော် အဆောက်အဦပေါင်း ၁၀၀ ကျော်ကိုလည်း တည်ဆောက်ထားပါတယ်။ ဒီအတွက်လည်း ရေခဲပေါင်း ၁၁၀၀၀၀ ကုဗမီတာနဲ့ နှင်းပွင့်ပေါင်း ၁၂၀၀၀၀၀ ကုဗမီတာ အထိ အသုံးပြုထားပါတယ်။
ရေခဲနဲ့တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးတွေအပါအဝင် နှင်းပွင့်ပေါင်း ၄၅၀၀ စတုရန်း ကုဗမီတာနဲ့ တည်ဆောက်ထားတဲ့ ရေခဲဗုဒ္ဓရုပ်ပွားတော်တဆူကိုလည်း ပြပွဲမှာ ထည့်သွင်းပြသထားပါသေးတယ်။ ဒါ့အပြင် ၃၅၀ မီတာ ရှည်လျားတဲ့ Northern Light ( ဥတ္တရအလင်းတန်း ) တခုကိုလည်း 3D အလင်းတန်းတွေနဲ့ တည်ဆောက်ထားပါတယ်။
ဒီပွဲတော်မှာ နိုင်ငံပေါင်း ၁၂ နိုင်ငံက ရေခဲပန်းပု ဆရာတွေရဲ့ လက်ရာတွေကိုလည်း ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။ ရေခဲပွဲတော်အပြင် အခြားစိတ်လှုပ်ရှားစရာကောင်းတဲ့ အစီ အစဉ်တွေကိုလည်း ပွဲတော်ပြီးဆုံးမယ့် ဖေဖော်ဝါရီလအထိ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
အဲဒီ အစီအစဉ်မှာတော့ ကွဲပြားခြားနားတဲ့ ပုံစံတွေ ၊ အရွယ်အစားအမျိုးနဲ့ ထုလုပ်ထားတဲ့ ရေခဲပန်းပုပေါင်း ၂၀၁၉ ခုကိုပါ ထည့်သွင်းပြသသွားမှာဖြစ်ပါတယ်။ ဒီပွဲတော်ကို ၁၉၈၅ ခုနှစ်က ပထမဆုံးစတင် ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ် ၂၀၁၉ ခုနှစ်အတွက် ကျင်းပတဲ့ ပွဲတော်ကတော့ ၃၅ ကြိမ်မြောက်ပွဲပဲ ဖြစ်ပါတယ်။
Ref : cnn travel