Event

၁၁ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော် ယနေ့ စပြီ

Want create site? Find Free WordPress Themes and plugins.

နှစ်စဉ်ပြသနေကျ ရန်ကုန်ဓာတ်ပုံပွဲတော် (Yangon Photo Festival-YPF) ကို တနင်္လာနေ့တွင် ယခုနှစ် အတွက် ၁၁ ကြိမ်မြောက်အဖြစ် စတင် ပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်နိုင်ငံရပ်ခြားတို့မှ ဓာတ်ပုံပညာရှင်များ၏ ဓာတ်ပုံပေါင်း ၂၀၀ ကျော်အပါအဝင် သတင်းဓာတ်ပုံ မှတ်တမ်းတို့ကို ကမ္ဘာတဝန်း သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အရေးတကြီး ခြိမ်းခြောက်ခံနေရခြင်းအပေါ် သတိပေးတိုးမြှင့် လုပ်ဆောင်နေရမှုအဖြစ် စုစည်း၍ အသားပေး တင်ဆက်သွားမည်ဟု သိရသည်။

ပြသမည့် ဓာတ်ပုံအရေအတွက် ထက်ဝက်ခန့်မှာ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ လူနည်းစု တိုင်းရင်းသား ဓာတ်ပုံအနုပညာသည်များ၏ ဖန်တီးမှုများဖြစ်ပြီး မြန်မာ့ဓာတ်ပုံလောက မြင်ကွင်း၏ မတူကွဲပြားမှု ပိုမိုပေါ်လွင်စေရန် ပြပွဲစီစဉ်သူက ထင်ဟပ် တင်ဆက်ထားသည်။

“ဒီနှစ်မှာ ကျနော်တို့ ဦးစားပေးပြသသွားမယ့် အနုပညာလက်ရာတွေ ကတော့ သဘာဝပတ်ဝန်းကျင် အရေးကိစ္စတွေနဲ့ ရာသီဥတု ပြောင်းလဲမှု ဆက်စပ်တာတွေပါ” ဟု ရန်ကုန်ဓာတ်ပုံပြပွဲအဖွဲ့မှ စီစဉ်သူနှင့် သင်တန်းနည်းပြ ဖြစ်သူ ကိုပြေကျော်မြင့်က ရှင်းပြသည်။

“တကမ္ဘာလုံးဟာ ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေ ခံစားနေရပါတယ်။ မြန်မာနိုင်ငံဟာ မိုးခေါင်တာ၊ ရေကြီးတာတွေနဲ့ မုန်တိုင်းတွေ စတဲ့ ရာသီဥတုပြောင်းလဲတဲ့ ဒဏ်ကို ကမ္ဘာ့အဆိုးဝါးဆုံး နံပါတ် ၃ အဆင့် ခံစားနေရပါတယ်။ အဲဒါကြောင့် အခုပြပွဲကနေ အများပြည်သူအနေနဲ့ ဒီအကြောင်းတွေ ပိုသတိပြု လာစေဖို့ ကျနော်တို့မျှော်လင့်ပြီး ဦးစားပေး ပြသတာဖြစ်ပါတယ်” ဟု သူက ထပ်လောင်း ပြောကြားသည်။

ယခုနှစ် ဓာတ်ပုံပြပွဲသည် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အရေးတကြီး ခြိမ်းခြောက်ခံနေရခြင်းအပေါ် သတိပေးတိုးမြှင့် လုပ်ဆောင်နေရမှုအဖြစ် စုစည်း၍ အသားပေး တင်ဆက်သွားမည်

အဆိုပါပြပွဲကို ၂၀၀၉ ခုနှစ်က စတင် ပြသခဲ့ခြင်းဖြစ်သည်။ လာရောက်ကြည့်ရှုကြသည့် ပရိသတ်များမှာ တနှစ်ထက်တနှစ် တိုးပွားလာခဲ့ပြီး ဒေသအသီးသီးမှ ဓာတ်ပုံဆရာများအပြင် ကမ္ဘာတလွှားမှ ဓာတ်ပုံ ဆရာများက ၎င်းတို့ နောက်ဆုံးရိုက်ကူးထားသော ပုံရိပ်များကို ပြပွဲလာသူ ပရိသတ်များအတွက် ရန်ကုန်မြို့တွင် မျှေ၀ ပြသကြခြင်း ဖြစ်သည်။

ပြပွဲနှင့်အတူ အခြားအစီအစဉ်များကိုလည်း ပေါင်းစပ် ထည့်သွင်းထားသည်ဟု သိရသည်။

“ဒီနှစ်မှာတော့ ပြတိုက်မှူး လူးကစ်ဘာ့ခ် (Lukas Birk) ရဲ့ Photobook အလုပ်ရုံ ဆွေးနွေးပွဲလိုမျိုး ဆွေးနွေးပွဲတွေ၊ သင်တန်းပို့ချချက်တွေနဲ့ လှုပ်ရှားမှုတွေ ကျနော်တို့ ပါဝင်မှာဖြစ်ပါတယ်” ဟု ကိုပြေကျော်မြင့်က ပြောသည်။

ယခုလ အစောပိုင်းက ကျင်းပခဲ့သော ၅ ရက်ကြာ Photobook အလုပ်ရုံဆွေးနွေးပွဲသည် ပါဝင်ဆွေးနွေးရန် ကြိုတင် စာရင်းပေးသူများဖြင့် ပြည့်သွားခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ရှိလာသော ဓာတ်ပုံစာအုပ် များကို Goethe Institute နှင့် မဟာဗန္ဓုလပန်းခြံအတွင်း ကျင်းပမည့်ပြပွဲတို့၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြသ သွားမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲအတွင်း ပါဝင်ဆွေးနွေးသူတဦးစီသည် ၎င်းတို့ ဖန်တီး ရိုက်ကူးချက်များနှင့် နောက်ကွယ်မှ စိတ်ကူးစိတ်သန်းများကို ထုတ်ဖော်တင်ဆက်နိုင်မည့် အခွင့်အလမ်းရရှိမည်ဖြစ်သည်။ ဘာ့ခ်၏ အထောက်အကူ ပြုမှုဖြင့် အဆိုပါလက်ရာများကို ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ကြမည်ဟု သိရသည်။

ဓာတ်ပုံပြပွဲများကို မဟာဗန္ဓုလပန်းခြံအတွင်း ဖေဖော်ဝါရီလ ၁၈ ရက်မှ မတ်လ ၄ ရက်နေ့ထိ ပြသသွားမည်

ယခုနှစ်အတွက် တခြား အထူးသီးသန့်အစီအစဉ်မှာ ဓာတ်ပုံရွာ (Photo Village) ဖြစ်ပြီး ပရိသတ်များအနေဖြင့် Myanmar Stories မဂ္ဂဇင်းနှင့် နိုင်ငံတကာ အေဂျင်စီများဖြစ်သည့် Getty Images, AFP, Panos တို့က တင်ဆက်သည့် သတင်းဓာတ်ပုံမှတ်တမ်းတိုများကို ယင်းနေရာတွင် လေ့လာ ကြည့်ရှုနိုင်ကြမည် ဖြစ်သည်။

ယမန်နှစ် ရန်ကုန်ဓာတ်ပုံပွဲတော်ကို အတွင်းဝန်များရုံး (ဝန်ကြီးများရုံး) တွင် ကျင်းပခဲ့သည့် မြန်မာဓာတ်ပုံဆရာများ ပြပွဲ၏ အောင်မြင်မှုကို ဆက်ခံလျက် မြန်မာဓာတ်ပုံ မော်ကွန်းတိုက်သည် ဒီဂျစ်တယ် သိုမှီး သိမ်းဆည်းရာ နေရာအဖြစ် မဟာဗန္ဓုလပန်းခြံ၌ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်တို့တွင် ပြသတင်ဆက်သွားရန် စီစဉ်ထားသည်။

“ပြပွဲလာပြည်သူတွေအနေနဲ့ သူတို့ရဲ့ မိသားစုအစဉ်အဆက်က ဓာတ်ပုံအဟောင်းတွေ ယူလာပြီးတော့ ဒီဂျစ်တယ်ပုံရိပ်အဖြစ် အသွင်ပြောင်းနိုင်မယ်။ လူကတ်ဘာ့ခ်က ဆောင်ရွက်နေဆဲဖြစ်တဲ့ မြန်မာ့အကြီးဆုံး ဓာတ်ပုံပညာ စုဆောင်းမှုရဲ့ အစိတ်အပိုင်း ဖြစ်လာနိုင်ပါတယ်” ဟု ကိုပြေကျော်မြင့်က ပြောသည်။

အဆိုပါပွဲတော်ကို အဓိက ၃ နေရာဖြစ်သည့် French Institute ၊ မဟာဗန္ဓုလပန်းခြံနှင့် Goethe Institute တို့တွင် ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်အစီအစဉ်အပြည့်အစုံကို Yangon Photo Festival Facebook စာမျက်နှာတွင် မတ်လ ၄ ရက်နေ့အထိ လွှင့်ထားမည်ဖြစ်၍ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

ဓာတ်ပုံပြပွဲများကို မဟာဗန္ဓုလပန်းခြံအတွင်း ဖေဖော်ဝါရီလ ၁၈ ရက်မှ စတင်ပြသသွားမည်ဖြစ်သည်။ တခြား လှုပ်ရှားမှုများ၊ ဟောပြောပွဲများနှင့် ထုတ်လွှင့်ပြသခြင်းများကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် စတင်မည် ဖြစ်သည်။

ရန်ကုန်ဓာတ်ပုံပွဲတော်၏ အထူး ဦးစားပေး အစီအစဉ်ဖြစ်သည့် ရန်ကုန်ဓာတ်ပုံည (Yangon Photo Night) ဆုပေးပွဲအခမ်းအနားကို French Institute တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ ကျင်းပရန်စီစဉ်ထားပြီး Canon အမျိုးအစား လုပ်ငန်းသုံးကင်မရာများ၊ ဘရက်ဆဲလ်မြို့ရှိ နာမည်ကျော်ဓာတ်ပုံကျောင်း ၇၅ ကျောင်းတွင် တက်ရောက် နေထိုင်နိုင်ခွင့်တခုနှင့် အမ်စတာဒမ်မြို့ရှိ ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံဆုချီးမြှင့်ပွဲသို့ ခရီးစဉ်တခုတို့ အပါအဝင် အကဲဖြတ်ဒိုင်များ ပေးအပ်သည့် ဆုများကို ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်သည်။

(Lwin Mar Htun ၏ Environment in Focus at 11th Yangon Photo Festival  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading