ဒီဇိုင်နာ မေမြတ်ဝါဆို ကိုယ်တိုင် ဖန်တီးထားတဲ့ မြန်မာချည်ထည်များနဲ့ ချုပ်လုပ်ထားတဲ့ ပန်းချီလက်ရာများကို နှစ်စဉ် အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ Indonesia Fashion Week မှာ ပြသခဲ့ပါတယ်။
“Indonesia Fashion Week ရဲ့ President ဖြစ်တဲ့ Poppy Dharsono က အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးမင်းလွင်နဲ့ ဇနီး ဒေါ်စံပယ်ဝင်းကနေတဆင့် ဖိတ်ကြားခဲ့တာပါ။ ဒီပွဲမှာက အင်ဒိုးနီးရှားက ဒီဇိုင်နာတွေအပြင် အီတလီ၊ သြစတြေးလျ၊ ပြင်သစ်၊ မလေးရှား၊ မြန်မာ၊ တာကီ အစရှိတဲ့နိုင်ငံက ဒီဇိုင်နာတွေလည်း လာရောက် ပြသကြတယ်။ ပြပွဲကတော့ မတ်လ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ပြုလုပ်ခဲ့တာပါ” လို့ ဒီဇိုင်နာ မေမြတ်ဝါဆိုက ပြောပါတယ်။
Indonesia Fashion Week 2019 မှာ ဒီဇိုင်နာ မေမြတ်ဝါဆိုက အင်းဝခေတ်ကို အခြေခံထားတဲ့ ဝတ်စုံများကို မြန်မာမှုလက်ရာများဖြင့် ဖန်တီးထားတဲ့ ရွှေချည်ထိုးပန်းချီ ၊ ဒေါင်းရုပ်များ၊ ဇာမဏီဌက်ရုပ်များနဲ့ ဖန်တီးထားသော ရှေးချိတ် ဒီဇိုင်းများ၊ ကနုတ်ဒီဇိုင်းများဖြင့် ချုပ်လုပ်ထားတဲ့ ဝတ်စုံပေါင်း ၁၂ စုံ ပြသခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲကိုတော့ အင်ဒိုနီးရှားနိုင်ငံ Jakarta Convention Centre မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုအကြိမ်နဲ့ဆို ၃ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။ ဒီဇိုင်နာ မေမြတ်ဝါဆို အနေနဲ့လည်း မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ပြသခဲ့တာ အခုဆိုရင် ၃ ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။