တန်ဆောင်တိုင်ကာလ အချိန်ခါမှာ ရုံးများ၊ ကျောင်းများ ပိတ်တဲ့အတွက် အားလပ်ရက်မှာ သွားရောက်နိုင်ဖို့ ရန်ကုန်မြို့က လည်ပတ်စရာပွဲတော်များအကြောင်း ဧရာဝတီက စုစည်း ဖော်ပြလိုက်ပါတယ်။
(၁) လမ်းမတော်ပွဲဈေး
နှစ်စဉ် ကျင်းပမြဲ ပွဲတော်တခုဖြစ်တဲ့ လမ်းမတော်ပွဲဈေးကို နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ လမ်းမတော် တန်ဆောင်တိုင်ပွဲကိုတော့ အနော်ရထာ လမ်းတလျှောက် လမ်းမတော်လမ်းနဲ့ ၁ လမ်းတို့အကြားမှာ ကျင်းပ ပြုလုပ်တာဖြစ်ပြီး ဖွင့်ပွဲကိုတော့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒီပွဲမှာဆိုရင် ညစဉ်ဖျော်ဖြေရေး အစီအစဉ်များအဖြစ် ကျောင်းသား၊ ကျောင်းသူများရဲ့ တေးသရုပ်ဖော်များ၊ ကရင်ဒုံးယိမ်းနှင့် မင်းသားပြိုင်အက၊ အော်ပရာကဇာတ် ၊ မြန်မာ့ရိုးရာ ဒေါင်းစုံတွဲအက၊ နိုင်ငံကျော်အနုပညာရှင် အဆိုတော်များရဲ့ ဖျော်ဖြေရေး အစီအစဉ်များစွာ ပါရှိမှာ ဖြစ်ပါတယ်။
(၂) Lighting Festival Music Live Concert
နိုဝင်ဘာလ ၉ ရက်နေ့၊ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာဆိုရင် နိုင်ငံကျော်အဆိုတော်များရဲ့ Music Live Concert ရှိတယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ အဆိုတော် ဟဲလေး၊ ရဲလေး၊ ဂျိုကာ၊ ဒီဖြိုး၊ ဝေလျှံ၊ Rio၊ သီဟလူ၊ မင်းသန့်၊ Tဂျက်၊ Rap Kyar Gyi၊ MC Kyar Lay၊ ဆူဇီ၊ ဂျဲနီ၊ အေသင်ချိုဆွေ၊ မို့၊ ဆောင်းယွန်းစံနဲ့ တခြားသော အဆိုတော်များက သီဆိုဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ ဝင်ကြေးကိုတော့ ငွေကျပ် ၂၀၀၀ သတ်မှတ်ထားပါတယ်။
(၃) ဆေးပေါင်းခတဲ့ ရန်ကုန်ည
ဝါရင့် Rocker များနဲ့ လူငယ်အဆိုတော်များ ပေါင်းစပ်ဖျော်ဖြေသွားမယ့် “ဆေးပေါင်းခတဲ့ ရန်ကုန်ည”ကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၆ နာရီ၊ သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီဂီတဖျော်ဖြေပွဲမှာတော့ ဂျေမောင်မောင်၊ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဝေလ၊ Big Bag၊ Idiots၊ Eternal Gosh၊ Extant အဖွဲ့တို့က ဖျော်ဖြေသွားမှာပဲ ဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းများအနေနဲ့ GA ၁ သောင်းကျပ် ၊ VIP (1) ၅ သောင်း ၊ VIP (2) ၃ သောင်းကျပ် ၊ VIP (1A) ၇ သောင်းကျပ်တို့ဖြင့် ရောင်းချလျက် ရှိပါတယ်။
(၄) ၁၁၁၁ မီးပုံးပျံပွဲတော်
၁၁ ရက် ၁၁ လ တန်ဆောင်တိုင်လပြည့်နေ့မှာ မီးပုံးပျံ ၁၁၁ လုံးကို အွန်လိုင်းပေါ်မှ ဆေးခြောက်တရားဝင်ဖြစ်ရေး လှုပ်ရှားနေသော Page များရဲ့ Admin များအပါအဝင် တနိုင်ငံလုံးက တက်ကြွလှုပ်ရှားသူများအားလုံး စုပေါင်းကာ ပြုလုပ်မယ့်ပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့၊မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီပွဲမှာတော့ မျက်နှာဖုံးများ တပ်ဆင်ကာ မီးပုံးပျံမှာ ဆေးခြောက်နဲ့ သက်ဆိုင်တာတွေကို ခြယ်ကြမှာဖြစ်ပြီး Group ဖြစ်ကာ ဓာတ်ပုံများရိုက်ကြမယ်လို့ သိရပါတယ်။
You may also like these stories:
တန်ဆောင်တိုင်ပွဲ ခံစားချက်တွေ ပြောပြတဲ့ အဆိုတော်ဝေလ
“ဆေးပေါင်းခတဲ့ ရန်ကုန်ည”ပွဲမှာ ဖျော်ဖြေမယ့် အဆိုတော်များရဲ့ စကားသံများ
ကလောမြို့မှာ တန်ဆောင်တိုင်အချိန် ကျင်းပလေ့ရှိတဲ့ မီးရှော်တိုင်ပွဲတော်