Event

Myanmar Idol ပွဲကျင်းပရာ နေရာကို ဝင်ခွင့် မရတဲ့အကြောင်း ပြောပြတဲ့ ဖြိုးမြတ်အောင်

Myanmar Idol Season 4 ပြိုင်ပွဲဝင်တွေကို အားပေးဖို့သွားခဲ့တဲ့ Myanmar Idol Season 3 ရဲ့ Winner အဆိုတော် ဖြိုးမြတ်အောင်က မိသားစုဝင်တွေ ဝင်ခွင့်မရတာနဲ့ ပတ်သက်ပြီး ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“ကျနော်တို့ ရောက်တဲ့အချိန်မှာ လက်မှတ်တွေ ယူတယ်၊ ဝင်ဖို့လုပ်တော့ ကျနော်လည်း အများနည်းတူပဲ ဝင်တယ်။ တာဝန်ရှိတဲ့ အစ်ကိုတွေကလည်း အဆင်ပြေအောင် လုပ်ပေးပါတယ်။ သူတို့ ဝင်ခိုင်းတဲ့ နေရာကပဲ ဝင်တာကို ကျနော် တယောက်တည်းပဲ ပေးဝင်တယ်”

“နောက်က မိသားစုနဲ့ တခြား အစ်ကိုတွေလည်း ပါတယ်။ ကျနော် တယောက်တည်းဝင်ပြီး သူတို့ကျန်ခဲ့ရင် မကောင်းဘူးလေ။ နောက်ပြီး အမေလည်း ဝင်လို့မရတော့ အဆင်မပြေဘူးလေ။ ဝင်လို့ မရသေးရင်တော့ မဝင်သေးဘူး၊ သူတို့နဲ့မှ ဝင်မယ်လို့ ပြောပြီး မီဒီယာ အင်တာဗျူးတွေလည်း ဖြေလိုက်သေးတယ်။ တော်တော် ကြာသွားပြီးတော့ ခေါ်မလား၊ ခေါ်မလားနဲ့ စောင့်နေတာ။ ”

“ကိုယ်နဲ့ ပါတဲ့သူတွေကလည်း ဖြိုးမြတ်အောင် မင်း Winner တယောက်လုံး ပါတာတောင် ဝင်လို့ မရဘူး ဆိုတော့ မင်းက ဘာမှန်းလည်း မသိဘူးလို့ ပြောတော့ ကျနော်လည်း ရှက်တာပေါ့ဗျာ။ ကျနော် ရှက်ပြီး ပြန်သွားခဲ့တာပါ။ ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျနော် အကောင်းဘက်ကပဲ တွေးလိုက်ပါတယ်။ အထက်လူကြီးတွေ အလုပ်ရှုပ်နေတော့ လစ်ဟာမှုအပိုင်းတွေလည်း ရှိမှာပဲ”

“ပြန်စဉ်းစားလိုက်တော့ ကျနော် လာမကြည့်ရင် ဒီကိစ္စဖြစ်စရာ မရှိဘူးပေါ့။ မကြည့်ပြန်ရင်လည်း လာမကြည့်ဘူးလား မေးကြမှာ။ အလုပ်ရှုပ်လို့ သွားမကြည့်ရင်လည်း တခြားသူတွေက တမျိုးမြင်မှာစိုးလို့ ကျနော့်မှာ ဘာနဲ့ အလားတူလဲဆိုတော့ သူခိုး ခွေးကိုက်တာနဲ့ အလားတူ နေတယ်”လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။

Myanmar Idol ပြိုင်ပွဲဝင်အကုန်လုံးကို အားပေးတယ်ဆိုတဲ့ ဖြိုးမြတ်အောင်က ပြိုင်ပွဲဝင်တွေကို ပြောချင် တာက တိုက်ခိုက်တာတွေကို ခေါင်းထဲမထည့်ပါနဲ့လို့ ဆိုပါတယ်။

“ကျနော့်မှာ အကျင့်တခုရှိတာက သူများကို မကောင်းဘူး၊ ကောင်းတယ်၊ ဘာလိုတယ်၊ မလိုဘူး ပြောတာထက် ကျနော့်ကိုယ် ကျနော်ပဲ ပြန်ဝေဖန်တာ သဘောကျတယ်။ ပြိုင်ပွဲဝင်တွေ ဘယ်သူ့ကို အားပေးတယ်၊ ဘယ်သူ့က ကောင်းတယ်တော့ မရှိပါဘူး။ အကုန်လုံးကို အားပေးပါတယ်”

“ပြိုင်ပွဲဝင်တွေကို ပြောချင်တာက ပြိုင်ပွဲ ပြင်းထန်လာတာနဲ့အမျှ တိုက်ခိုက်မှုတွေ ခံရမယ်။ တိုက်ခိုက်တာတွေကို ခေါင်းထဲမထည့်ပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ်ကြိုးစားစရာရှိတာသာ ကြိုးစားပါလို့ ပြောချင်တယ်။ ကျနော့်တုန်းက အခက်အခဲတွေ အများကြီးပဲ။ မဲနှိုက်တိုင်း နောက်ဆုံးဖြစ်တော့ ရွေးချယ်ခွင့် သိပ်မရှိဘူး။ ကံတရားပေါ်မှာပဲ အကောင်းဆုံး လုပ်ခဲ့ပါတယ်”လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။

Myanmar Idol Season 3 Winner တယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်က လက်ရှိမှာတော့ သူ့ရဲ့ တကိုယ်တော်ခွေ “သင့်အတွက် မနက်ဖြန်” အခွေ ထွက်ရှိထားပါတယ်။

You may also like these stories

အလုပ်ကနေ လစာမဲ့ ထွက်လာပြီး Master Chef ဝင်ပြိုင်ခဲ့တဲ့ နေအောင်

Myanmar Idol မှာ ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်ဆန်းများကို ပရိသတ်များ စောင့်ကြည့်နေရ

“Myanmar Idol မှာ ဒီနှစ်ပြိုင်တဲ့ မိန်းကလေးတွေ အဆို အရမ်းကောင်းတယ်”လို့ အောင်ကိုလတ် ပြော

Loading