ခရစ်ယာန်ဘာသာဝင်တွေ အများအပြားနေထိုင်တဲ့ ဥရောပနိုင်ငံတွေမှာတော့ ခရစ္စမတ်ပွဲတော်ကို စည်စည်ကားကား ကျင်းပလေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း ဒီဇင်ဘာလမှာ ခရီးသွားဖို့ ရွေးချယ်ကြတဲ့အခါ ဥရောပနိုင်ငံတွေကို ရွေးချယ်လေ့ ရှိကြပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မယ့် လူကြိုက်အများဆုံး ခရစ္စမတ်ဈေးပွဲတော်တွေကို နိုင်ငံပေါင်း ၁၁၆ နိုင်ငံက လူပေါင်း ၂ သိန်း ၈ သောင်းကျော် မဲပေးရွေးချယ်ခဲ့ကြပြီး ဟန်ဂေရီနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘူဒါပတ်စ်မြို့က ထိပ်ဆုံးမှာ ရှိနေပါတယ်။ ၂၀၁၉ ခုနှစ်အတွက် လူကြိုက်အများဆုံး ဥရောပတလွှားက ခရစ္စမတ်ဈေးပွဲတော်တွေ အကြောင်း ဖော်ပြပေးချင်ပါတယ်။
(၁) ဘူဒါပတ်စ်မြို့
ဘူဒါပတ်စ်မြို့တော်ဟာ ဟန်ဂေရီနိုင်ငံရဲ့ မြို့တော်ဖြစ်သလို ဥရောပမှာဆိုရင်လည်း ထင်ရှားတဲ့မြို့ တမြို့ ဖြစ်ပါတယ်။ ခရစ္စမတ် အချိန်ရောက်ပြီဆိုရင် ဘူဒါပတ်စ်မြို့အနှံ့မှာ ဈေးပွဲတော်တွေကို နေရာအနှံ့တွေ့နိုင်ပါတယ်။ နိုင်ငံပေါင်း ၁၁၆ နိုင်ငံက မဲပေးရွေးချယ်မှုအရဆိုရင်တော့ ဘူဒါပတ်စ်မြို့တော်၊ စိန့်စတီဗင်ရင်ပြင်မှာရှိတဲ့ ဘာစီလီကာဈေးက ဥရောပရဲ့လူကြိုက်အများဆုံး ခရစ္စမတ်ဈေးပွဲတော် ဖြစ်ပါတယ်။
ဘာစီလီကာ ခရစ္စမတ် ဈေးရောင်းပွဲတော်မှာဆိုရင် ပရဟိတလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲတွေရှိသလို ဟန်ဂေရီရိုးရာ အစားအသောက်ကောင်းကောင်းတွေကိုလည်း စားသောက်နိုင်ပါသေးတယ်။
(၂) ဗီယင်နာမြို့
သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာနေထိုင်တဲ့လူဦးရေက ၁ ဒဿမ ၉ သန်းဝန်းကျင်သာ ရှိပါတယ်။ လူကြိုက်များတဲ့ခရစ္စမတ် ဈေးပွဲတော်ကတော့ မြို့တော်ခန်းမ ရင်ပြင်မှာ ကျင်းပတဲ့ ဈေးပွဲတော် ဖြစ်ပြီး ဥရောပမှာ ထင်ရှား လူကြိုက်များတဲ့ နေရာလည်း ဖြစ်ပါတယ်။
အထူးသဖြင့်ကတော့ ကလေးတွေအတွက်ပိုသင့်တော်ပြီး ခရစ္စမတ် လက်ဆောင်ပေးတာ၊ မီးရောင်စုံ အလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်တွေ စိုက်ပျိုးထားတာအပြင် အခြားထင်ရှားတဲ့ ခရစ္စမတ် အထိမ်းအမှတ်ပွဲတော် အမျိုးမျိုးကိုလည်း ကျင်းပလေ့ရှိပါတယ်။ ဒါကြောင့်လည်း ခရစ္စမတ်ကာလမှာ သြစတြီးယားနိုင်ငံကို ရောက်နေကြတဲ့ ခရီးသွားတွေအနေနဲ့ ဗီယင်နာမြို့တော်ခန်းမရင်ပြင်မှာ ကျင်းပတဲ့ ခရစ္စမတ်ဈေးပွဲတော်ကို သွားရောက် လည်ပတ်သင့်ပါတယ်။
(၃) ဘရပ်ဆဲလ်မြို့
ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘရပ်ဆဲလ်မြို့ကတော့ ဥရောပမှာ အလှဆုံးမြို့တမြို့ ဖြစ်ပြီး ယဉ်ကျေးမှု၊ နိုင်ငံရေး စတာတွေနဲ့ ပတ်သက်ရင်လည်း အချက်အခြာကျတဲ့မြို့လည်း ဖြစ်ပါတယ်။
နိုင်ငံ ၁၁၆ နိုင်ငံရဲ့ မဲပေးရွေးချယ်မှုစာရင်းမှာ ဘရပ်ဆဲလ်မြို့က ခရစ္စမတ်ဈေးပွဲတော်တွေလည်း ပါဝင်ပါတယ်။ ဘရပ်ဆဲလ်မြို့တော်မှာ ဆိုရင်တော့ မတူကွဲပြားတဲ့ ခရစ္စမတ်ဈေးပွဲတော်အမျိုးမျိုးကို မြင်နိုင်ပါတယ်။ ဒါကြောင့် ခရစ္စမတ်အချိန် ရောက်လာရင် ဘရပ်ဆဲလ်မြို့က ခရစ္စမတ်ဈေးပွဲတော်တွေကိုလည်း သွားရောက်လည်ပတ်သင့်ပါတယ်။
Ref: lonelyplanet