အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Coachella Music And Art ပွဲတော်ကြီးမှာ အဖွဲ့သားတွေရဲ့ စစ်မှုထမ်းတာဝန်တွေကြောင့် ပရိသတ်နဲ့ အချိန်အတော်ကြာ ဝေးကွာခဲ့ရတဲ့ တောင်ကိုရီးယား နာမည်ကျော် Kpop အဖွဲ့ BigBang လည်း ဖျော်ဖြေဖို့ရှိနေပါတယ်။
Coachella ပွဲတော်ဟာ အမေရိကန်နိုင်ငံရဲ့ အကျော်ကြားဆုံး ပွဲတော်တခုဖြစ်ပြီး နာမည်ကြီး အနုပညာရှင်တွေ ပါဝင်ဆင်နွှဲကြတဲ့ ပွဲလည်း ဖြစ်ပါတယ်။
BigBang အဖွဲ့ ပါဝင်ဖျော်ဖြေမယ့် အကြောင်းကို 2020 Coachella Valley Music and Arts Festival ရဲ့ တရားဝင် စာမျက်နှာကတဆင့် ဇန်နဝါရီလ ၃ ရက်နေ့မှာ ဖော်ပြထားတာပါ။ ဧပြီလ ၁၀ ရက်နဲ့ ၁၇ ရက်မှာ ကျင်းပမယ့်ထဲမှာ BigBang ဟာ Calvin Harris, Run the Jewels, Rex Orange County, Megan Thee Stallion စတဲ့ နာမည်ကျော်တွေနဲ့အတူ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။
ဒီနှစ်မှာတော့ Coachella ပွဲတော်ကြီးကို ၂ ပတ်ကြာ ကျင်းပသွားမှာဖြစ်ပြီး ကြိုတင်လက်မှတ်ရောင်းမယ့် အစီအစဉ်တွေလည်း ရှိနေပါတယ်။ ပွဲတော်ကို ဧပြီလ ၁၀ ရက်နေ ၁၂ ရက်နေ့ထိ နဲ့ ဧပြီလ ၁၇ ရက်ကနေ ၁၉ ရက် ထိ ကယ်လီဖိုးနီးယားမှာရှိတဲ့ Empire Polo Club မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက နာမည်ကျော် BigBang အဖွဲ့အပြင် Epik High အဖွဲ့ကလည်း ဒီနှစ်ပွဲတော်မှာ ပါဝင်လာပါတယ်။ သူတို့အဖွဲ့ကတော့ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့နဲ့ ဧပြီ ၁၉ ရက် တနင်္ဂနွေနေ့တွေမှာ ဖျော်ဖြေသွားမှာပါ။
အားလုံးစောင့်မျှော်နေကြတဲ့ BigBang အဖွဲ့ကတော့ ဧပြီ ၁၀ ရက်၊ သောကြာနေ့နဲ့ ဧပြီ ၁၇ ရက် သောကြာနေ့တွေမှာ ဖျော်ဖြေသွားမှာပါ။ အဖွဲ့ဝင် ၄ ယောက် စစ်မှုထမ်းပြီးဆုံးသွားလို့ ပြန်လည် ဖျော်ဖြေမယ့်ပွဲအတွက် အခုကတည်းက နိုင်ငံတကာက ပရိသတ်တွေရော၊ ကိုရီးယားက ပရိသတ်တွေပါ စိတ်လှုပ်ရှား ရင်ခုန်နေကြပါပြီ။
၂၀၁၉ ခုနှစ်မှာတော့ Coachella ပွဲတော်ကြီးမှာ တောင်ကိုရီးယားနိုင်ငံက မိန်းကလေး K-pop အဖွဲ့ BlackPink က သွားရောက်ဖျော်ဖြေခဲ့ပြီး အောင်မြင်မှုတွေ စိုက်ထူနိုင်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းအသစ်အပြင် တခြားနာမည်ကျော် သီချင်းအပုဒ်ရေ ၁၀ ပုဒ်ဖျော်ဖြေခဲ့ပြီး ဂျန်းနီကလည်း သူမရဲ့ တကိုယ်တော် “SOLO” နဲ့ တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။
Ref: Allkpop
You may also like these stories:
Nike နဲ့အတူ ပူးပေါင်းပြီး AF1 PARA-NOISE ကိုယ်ပိုင်ဖိနပ် ဒီဇိုင်းတွေ ချပြတော့မယ့် G-Dragon
စစ်မှုထမ်းတာဝန် ပြီးဆုံးသွားတဲ့ G-Dragon ကို ပရိသတ် ထောင်ကျော် လာရောက် ကြိုဆို
ရင်းနှီးမြှုပ်နှံသူများအတွက် YG ကုမ္ပဏီအကြီးအကဲ ပြည့်တန်ဆာဝန်ဆောင်မှု ပေးခဲ့တယ်လို့ သတင်းထွက်