Singapore Festival 2020 ပွဲတော်ကို လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ စည်စည်ကားကား ကျင်းပသွားမယ့် ဒီပွဲတော်ကို ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းမှာရှိတဲ့ ချင်းချောင်းနန်းတော်မှာ ပြုလုပ်မှာ ဖြစ်ပြီး Garden Party အဖြစ် ကျင်းပသွားမယ်လို့ သိရပါတယ်။
ချင်းချောင်းနန်းတော်ဆိုတာ ၂၀ ရာစုအစောပိုင်းက မြန်မာနိုင်ငံကို လာရောက်ပြီး စီးပွားရေး လုပ်ကိုင်ခဲ့ဖူးသူ ကုန်သည် လင်ချင်းချောင်းကို အမှီပြုပြီး ပေးထားတဲ့ နာမည် ဖြစ်ပါတယ်။ ကုန်သည်ဖြစ်သူ မစ္စတာလင်ချင်းချောင်းဟာ မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တယောက် ဖြစ်ခဲ့ပါတယ်။
မစ္စတာလင်ချင်းချောင်းဟာ သူပိုင်ဆိုင်တဲ့ ဥစ္စာဓနတွေနဲ့ နန်းတော် တည်ဆောက်ဖို့ စိတ်ကူးနဲ့ ချင်းချောင်းနန်းတော်ကို တည်ဆောက်ခဲ့ပါတယ်။ ကုန်သည်ဖြစ်သူ မစ္စတာလင်ချင်းချောင်းဟာ အနုပညာကို ခံစားနှစ်သက်သူတဦးဖြစ်ပြီး နန်းတော်တည်ဆောက်ရာမှာ အသုံးပြုမယ့် ကုန်ကြမ်းပစ္စည်းတွေကို ကမ္ဘာအနှံ့ကနေ ဝယ်ယူစုဆောင်းခဲ့ပြီး ကျွမ်းကျင်ပညာရှင်တွေကိုလည်း ခေါ်ယူခဲ့ပါတယ်။
အဆောက်အဦ ဒီဇိုင်းရေးဆွဲရာမှာတော့ ဥရောပနဲ့ တရုတ် ဗိသုကာလက်ရာတွေကို ပေါင်းစပ် ရေးဆွဲစေခဲ့ပါတယ်။ ဥရောပစတိုင် မုခ်ဦးလက်ရာတွေကို တရုတ်သစ်သား ပန်းပုလက်ရာတွေနဲ့ ပေါင်းစပ် အလှဆင်ထားတဲ့အတွက် ရန်ကုန်မြို့မှာသာ မြင်နိုင်တဲ့ ဗိသုကာလက်ရာတခုပါ။
ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Singapore Festival 2020 ပွဲတော်မှာ ပါဝင်မှာကတော့ ကမ္ဘာ့ ထိပ်တန်း စာရင်းဝင် နိုက်ကလပ်တခုဖြစ်တဲ့ Zouk Singapore ရဲ့ DJ သမားတွေအပြင် မြန်မာနိုင်ငံက DJ သမားတွေ ပါဝင်တဲ့ဂီတပွဲတော်၊ စင်ကာပူနဲ့ မြန်မာနိုင်ငံက ထိပ်တန်းစားဖိုမှူးတွေရဲ့ လက်ရာအပြင် စင်ကာပူ အမှတ်တရ ပစ္စည်းတွေကို ဝယ်ယူရရှိနိုင်မယ့် ဈေးဆိုင်ခန်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံဆရာ Marc Nair နဲ့ ကဗျာဆရာ မောင်ဒေးရဲ့ စင်ကာပူနဲ့ မြန်မာနိုင်ငံက လူမှုဘဝတွေကို အတူပူးပေါင်းပြီး ပုံဖော်သွားဖို့လည်း ရှိနေပါတယ်။ ဒါကြောင့် မကြာခင်အချိန်အတွင်း ကျင်းပတော့မယ့် Singapore Festival 2020 ပွဲတော်ကို လက်လွတ်မခံဘဲ သွားရောက် လည်ပတ်သင့်ပါတယ်။