Food

အလွယ်လုပ်စားနိုင်တဲ့ ချိစ်ကိတ်အေး

This article has been converted from Zawgyi One to Unicode

ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)

ဒီချိစ် ကိတ်အေး (Cold- Cheese cake ) က မုန့်ဖုတ်မီးဖို မလိုအပ်ဘဲ အလွယ်တကူ ပြုလုပ်နိုင်သလို အိမ်မှာပဲ မွေးနေ့ကိတ်ကို (Homemade) ပြု လုပ်လိုသူ များအတွက် အံ့သြ စိတ်လှုပ်ရှားမှုကိုလည်း ပေးစွမ်းနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

Grahams Cracker မှုန့် – ၁ ၁/၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)။ Super Market  တွေမှာ မုန့်ချပ် (သို့) အမှုန့် ထုပ်တွေ ရနိုင်ပါတယ်။

ထောပတ်စစ်စစ် – ၁/၃ ခွက် (အခန်း အပူချိန်)
Cream Cheese – ၂ ထုပ် (သို့) ၂၃၀ ဂရမ်
သကြား – ၁/၃ ခွက်
နို့ဆီ – ၁ ဗူး
သံပုရာရည် – ၁/၄ ခွက်
ဗနီလာရနံ့ရည် – ၁ ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း)
Berry jam တမျိုးမျိုး (သို့) လက်ဆတ်တဲ့ မိမိနှစ်သက်ရာ သစ်သီး။

Grahams crumbs မဟုတ်ဘဲ မုန့်ချပ်တွေ ဝယ်မယ်ဆိုရင်တော့ လက်ဖက်ရည်ပန်းကန် တလုံးခွဲစာ ရအောင် မုန့်ချပ်တွေကို မှုန့်နေအောင် ချေပေးပါ။

Graham မှုန့်၊ ထောပတ်၊ သကြားတို့ကို ပျော်ဝင်အောင် ခေါက်ပေးပြီး မိမိ ပြုလုပ်လိုတဲ့ မုန့်ခွက် အတွင်းမှာ ညီညာစွာ ဖြန့်ခင်းပါ။

ဘေး အနားသားပါ လိုချင်ရင်တော့ ပုံစံခွက် အနားသတ်တွေအထိ ညီညာစွာ ထည့်ပေးရပါမယ်။ ဒီနေရာမှာ သတိထားရမှာက ခရင်မ်ချိစ်သားကို ထူထူလိုချင်ရင်တော့ အောက်ခံမုန့်ခွက်ကို အနည်းငယ် သေးတဲ့ ပုံစံခွက်ကို အသုံးပြုပေးရပါမယ်။ ပလပ်စတစ် စလေး အုပ်ပြီး ရေခဲခန်းမှာ (၁၀) မိနစ်လောက် သိုလှောင်ထားပါ။

ထိုစဉ်အချိန်အတွင်း Electric mixer (သို့) ဇလုံ တခု အတွင်းမှာ Cream cheese ၊ နို့ဆီ၊ သံပုရာရည်၊ ဗနီလာ ရနံ့တို့ ထည့်ပေါင်းပြီး လုံး၀ သမ သွားအောင် မွှေပေး (သို့) ခေါက်ပေးပါ။

အအေးခံထားတဲ့ မုန့်သားပေါ်ကို ညီညာစွာ ဖြန့်ခင်းပေးပါ။ ပုံမှန် အအေးခန်းမှာ ၁၀ မိနစ်ခန့် ပြန်သိုလှောင်ထားပါ။

မုန့်သား တခုလုံးပေါ်ကို Jam တမျိုးမျိုး လောင်းချပြီးဖြစ်စေ၊ မိမိနှစ်သက်တဲ့ သစ်သီးတွေ ဖြန့်ခင်းပြီးဖြစ်စေ သုံးဆောင်နိုင်သလို၊ တယောက်ချင်းစာ အတွက် တခုချင်း လှီးပြီးမှ အပေါ်ကနေ အလှဆင် ပေးပြီးလည်း တည်ခင်း ဧည့်ခံနိုင်ပါတယ်။

Loading