ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
ကျနော်တို့ မြန်မာနိုင်ငံမှာ ငှက်ပျောအူကို မုန့်ဟင်းခါးချက်ရာမှာ အများဆုံး အသုံးပြုကြပါတယ်။ တချို့ တိုင်းရင်းသား တွေကတော့ ဟင်းပုံစံ ချက်စားလေ့ ရှိကြပေမယ့် မြန်မာတနိုင်ငံ လုံးကိုတော့ ပျံ့နှံ့ကျော်ကြားခြင်း မရှိသေးပါဘူး …။
အခု ဖော်ပြမယ့် ကြက်သားနဲ့ ငှက်ပျောအူ ကာလသားချက် (ထိုင်းစတိုင်) ကတော့ ဟင်းပွဲ အထူးအဆန်း လေးတွေကို စိတ်ဝင်စားတတ်တဲ့ ကျနော့် အတွက်တော့ နည်းသစ်ခုပဲ ဖြစ်ပါတယ် …။ ထိုင်းဟင်းပွဲတွေ အကြောင်း လေ့လာပြီး ချက်နည်းအသစ်တွေကို ဟင်းချက်နည်း ရုပ်သံ အစီအစဉ်တွေမှာ တင်ဆက်ပြသ ထားတဲ့ သြစတေးလျ နိုင်ငံသား တဦးရဲ့ ချက်ပြုတ်နည်းမှာ ပါဝင်ပစ္စည်း အလွယ်တကူ ရနိုင်သလို၊ နည်းစနစ်ကလည်း သိပ်လွယ်ကူ လွန်းတာကြောင့် ကျနော်က သူ့ချက်နည်းအတိုင်း လိုက်ချက်ကြည့်ရာမှာ စိတ်ဝင်စားဖွယ် အရသာ ထူးလှတဲ့အတွက် ပြန်လည်ဝေမျှ ပေးလိုက်ပါတယ် …။
ကြက်သားနဲ့ ငှက်ပျောအူ ကာလသားချက် (ထိုင်းစတိုင်)
ဗမာကြက် (ခ) အိမ်ကြက် – ၁ ကောင် (၅၀ ကျပ်သားခန့်)
ငှက်ပျောအူ – ၂ တောင်ခန့် ၁ ခု
ကြက်သွန်နီ – ၂ လုံး
ကြက်သွန်ဖြူ – ၅ တက်
ချင်းသေးသေး – ၁ တက်
စပါးလင် – ၂ ချောင်း (အဖြူ ပိုင်းသာ)
ငရုတ်ခြောက်ပွတောင့်နီ အရှည် (အရောင်လှလှ) – ၅ တောင့်ခန့် (ရေစိမ်ထားပါ)
ရှမ်းနံနံ – ၃ ပင်ခန့် (ပါးပါးလှီး)
နံနံပင် – အနည်းငယ် (အလှဆင်ရန်)
ဆား၊ ငါးငံပြာရည်၊ ဟင်းခတ်မှုန့် လိုအပ်သလို။
ကြက် တကောင်လုံး (ခေါင်း၊ ခြေထောက်၊ အတွင်းကလီစာ) ကို အနေတော် အတုံးများတုံးပြီး ဆား၊ ဟင်းခတ်မှုန့်၊ ထောင်းထားသောချင်း၊ နနွင်းမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပါ။
ငှက်ပျောအူတိုင် အရင့်တွေကို အတွင်းအဖြူသား အရွက်လိပ် ရောက်ခါနီးအထိ ခွာထုတ်ပစ်ပါ။ အဖြူရောင် အူတိုင်ကို လက် ၂ ဆစ်ခန့်စီ လှီးဖြတ်ပြီး သံပုရာရည် (သို့) ဗီနီဂါရည်ပါသော ရေတွင် စိမ်ထားပါ (အရောင် မပြောင်းစေရန် သတိပြုပါ)။
ရေစိမ်ထားသော ငရုတ်သီး၊ စပါးလင၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ များကို ညက်နေအောင် ထောင်းပါ။
ဒယ်အိုး တလုံးမှာ ဆီအနည်းငယ်ကိုအပူပေးပြီး ထောင်းထားတဲ့ အရောကို ဆီသတ်ပါ။ စပါးလင်ကိုလည်း ရိုက်ပြား၊ ချည်နှောင်ပြီး ရောဆီသတ်ပေးပါ။
အနည်းငယ် မွှေးလာရင် အရသာနယ်ထားတဲ့ ကြက်သားတွေ ပေါင်းထည့်မွှေပေးပါ။ ကြက်သားတွေ အပေါ်ယံတင်းပြီး လုံးသွားပြီဆိုမှ ရေ အနည်းငယ် ဝိုက်ထည့်ကာ အဖုံးပိတ်ပြီး ကြက်သား ၃ ပုံ ၂ ပုံ နူးသည်အထိ ချက်ပါ။
ငါးငံပြာရည်၊ ဟင်းခတ်မှုန့် တို့နဲ့ အရသာသွင်းပါ။
အဲဒီအချိန်ရောက်မှ သံပုရာရည် စိမ်ထားတဲ့ ငှက်ပျောအူနုဖတ်တွေ ပေါင်းထည့် ပေးပါ။ နောက်ဆုံးမှာ ပါးပါးလှီးထားတဲ့ ရှမ်းနံနံ အုပ်ပြီး အဖုံးပိတ်ကာ ခေတ္တနှပ်ထားပါ။
စားသုံးဖို့ ပန်းကန်ထဲ ထည့်ပြီဆိုရင်တော့ နံနံပင်နဲ့ အလှဆင် သုံးဆောင်နိုင်ပါပြီ။