Food

ကမ္ဘောဒီးယားစတိုင် ငါးခူသီးရွက်စုံ ဆန်လှော်ဟင်း

This article has been converted from Zawgyi One to Unicode

ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)

ဒီတစ်ပတ်တော့ ကမ္ဘောဒီးယား ရိုးရာဟင်းချက်နည်းလေး တင်ဆက်လိုက်ပါတယ် …။ အရှေ့တောင် အာရှ အာဆီယံ ဒေသတွင်း နိုင်ငံတချို့ဟာ … ဒေသချင်း ထိစပ်နေကြသလို၊ အစားအသောက် ပုံစံတွေလည်း ဆက်စပ်နေလေ့ ရှိတတ်ကြပါတယ် …။ ဥပမာအားဖြင့် … ထိုင်းအစားအစာနဲ့ လာအိုအစားအစာ၊ အင်ဒိုနီးရှားနဲ့ မလေးရှား ဆင်တူနေတတ်ကြသလို .. အခုလည်း ကမ္ဘောဒီးယား ငါးခူဆန်လှော် ဟင်းလေးက ကျနော်တို့ မြန်မာပြည်က တိုင်းရင်းသား ဆန်လှော်ဟင်းတချို့နဲ့ ဆင်တူနေပါတယ် …။ ဟင်းခတ်အမွှေးအကြိုင် အနည်း၊ အများ သုံးတာလောက်ပဲ ကွာခြားတာကြောင့် … ဆီမပါဘဲ ကျန်းမာရေးနဲ့ ညီညွတ်စွာ ချက်ပြုတ် စားသုံးလိုသူများ အတွက် ဗဟုသုတအဖြစ် ပြန်လည် ဝေမျှပေး လိုက်ပါတယ် …။

ငါးခူနဲ့ သီးရွက်စုံ ဆန်လှော်ဟင်း အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကတော့ …

ငါးခူ – ၂၅ ကျပ်သား ၁ ကောင်
ကြက်သွန်ဖြူ – ၃ တက်
ဆန်လှော် မညက် တညက် – ၃ ဇွန်း(ထမင်းစားဇွန်း)
ခွေးတောက်ရွက်၊ ပြည်ပန်းညိုရွက်၊ ဒန့်သလွန်ရွက်၊ ခရမ်းကစော့်ခါးသီး (မိမိနှစ်သက်ရာ အနည်းငယ် သက်သော အရသာရှိတဲ့ အရွက်တွေလည်း ထည့်ပေါင်းနိုင်ပါတယ်) – အနည်းငယ်စီ
ငရုတ်သီးစိမ်း – ၂ တောင့်
ငါးငံပြာရည်၊ ဟင်းခတ်မှုန့်

ပထမဆုံး ငါးခူကို အကျိအချွဲတွေ ကုန်စင်အောင် မန်ကျည်းရည်နဲ့ ဆေး၊ ၃ ပိုင်း ပိုင်းပြီး ငါးငံပြာရည်၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ကာ ပြုတ်ပေးပါ။

ဟင်းရည် ကြည်လင်စေရန် အမြှုပ်တွေ ခပ်ထုတ်ပစ်ပါ။ ငါးအသားနူးသွားပြီ ဆိုရင် ခေတ္တ ဖယ်ထုတ် ထားပါ။

ငါးပြုတ်ရည်ထဲကို ကြက်သွန်ဖြူ နုပ်နုပ်စဉ်း၊ ဆန်လှော်မှုန့်တွေ ထည့်ပါ။ ငရုတ်သီးစိမ်း ၂ တောင့် ကိုလည်း ဓားပြားရိုက်ထည့်ပါ (အနံ့၊ အရသာ တမူထူးခြား စေပါတယ်)။ ငါးငံပြာရည် (ဆား)၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့် တို့နဲ့ အရသာ သွင်းပါ။

ဆန်လှော်မှုန့် အနည်းငယ် နူးသွားပြီဆိုရင် ငါးကိုပြန်ထည့်ပြီး အသီးအရွက်တွေ ထည့်လို့ ချက်ချင်း သုံးဆောင်ပါ (အရွက်တွေ ဝါသွားတဲ့ အထိ အပူမပေးရန် သတိပြုပါ)။ အရသာ တမူထူးတဲ့ ကမ္ဘောဒီးယားစတိုင် ငါးခူ အသီးအရွက်စုံ ဆန်လှော်ဟင်းက သင့်ခံတွင်းကို မြိန်စေပါလိမ့်မယ်။

Loading