ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
ထိုင်းနိုင်ငံရဲ့ ကမ္ဘာကျော် အစားအသောက် တမျိုးဖြစ်ပါတယ် …။ ပါဝင်ပစ္စည်း အဆင်ပြေတာ၊ ချက်ပြုတ်ပုံ ရိုးရှင်းမြန်ဆန်တာ၊ အရသာ ထူးခြားကောင်းမွန် တာတွေကြောင့် ထိုင်းရိုးရာ အစားအသောက် ချက်ပြုတ် ပြင်ဆင်နည်းသင်တန်း (သို့) စာအုပ်တွေမှာ အမြဲ ထည့်သွင်းထားတဲ့ ညွှန်းတန်း တခုလည်း ဖြစ်ပါတယ်..။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို သွားရောက် လည်ပတ်မယ် ဆိုရင်တော့ … ချင်းမိုင်မြို့ ဆမ်ဆိုင်းဈေးထဲက ကြက်ဆီထမင်းက အကောင်းဆုံး ဖြစ်ပါတယ်လို့ ညွှန်းဆိုပါရစေ …။ အခုဝေမျှမယ့် နည်းက အဲဒီဆိုင်ရဲ့ ချက်ပြုတ် ပြင်ဆင်ပုံ နည်းအတိုင်း ဖြစ်ပါတယ် …။
မြန်မာပြည်က … နာမည်ကြီး ကြက်ဆီထမင်း တွေနဲ့တော့ အနည်းငယ် ကွာခြားနေပေမယ့် တကယ် ထူးခြားတဲ့ … ထိုင်းရိုးရာ ကြက်ဆီထမင်း အရသာကို ပေးစွမ်းနိုင်ပါတယ် …။
ပါဝင်ပစ္စည်းများ
ကြက်ပြုတ်အတွက် –
CP ကြက် (၁.၅ ကီလို ) – ၁ ကောင်
ဆား – ၁ ဇွန်း (ထမင်းစားဇွန်း)
နံနံပင်အမြစ် – ၄ ပင် (ဓားပြားရိုက်)
ချင်း – ၁ တက် (ဓားပြားရိုက်)
ထမင်းအတွက် –
ဆန်ကောင်းကောင်း – ၄ ခွက် (လက်ဖက်ရည် ပန်းကန်)
ကြက်ပြုတ်ရည် – လိုအပ်သလောက် (ရေအစားထိုး)
ချင်း – ၈ ချပ် (အခွံခွာပါးပါးလှီး)
နံနံပင်အမြစ် – ၄ ပင်
ကြက်သွန်ဖြူကြော် – ၃ ဇွန်း
ဆား – အနည်းငယ်
ကြက်သားမှုန့် – အနည်းငယ်
ဆော့စ်ရည် အတွက် –
ပဲပုပ်စေ့ (ပဲငပိ) – ၁/၄ ခွက်
သကြား – ၂ ဇွန်း (ထမင်းစားဇွန်း)
ပဲငံပြာရည်အနောက် (ကြာညို့) – ၃ ဇွန်း
ပဲငံပြာရည် အကြည် – ၂ ဇွန်း
ဗီနီဂါ (သို့) သံပုရာရည် – ၂ ဇွန်း
ငရုတ်သီးစိမ်းတောင့်နီ – ၄ ဇွန်း (နုတ်နုတ်စင်း)
ချင်း – ၃ ဇွန်း (နုတ်နုတ်စင်း)
ကြက်သွန်ဖြူ – ၂ ဇွန်း (နုတ်နုတ်စင်း)
ရေ – ၂ ဇွန်း
ပာင်းရည် အတွက် –
ကြက်ရိုး – ၁ ခု
မုန်လာဥဖြူ – ၃ လုံး
ဆား – အနည်းငယ်
ပာင်းခတ်မှုန့် – အနည်းငယ်
ကြက်သွန်မြိတ် + နံနံပင် – အနည်းငယ်
ငရုတ်ကောင်း
တွဲဖက်စားသုံးရန် – သခွားသီး ပါးပါးလှီးနှင့် နံနံပင်
ပထမဆုံး ကြက်သားကို သန့်စင်ပြီး ပါဝင်ပစ္စည်းတွေနဲ့ အတူ ရောပြုတ်ပါ၊ အညစ်အကြေးနဲ့ အမြှုပ်တွေ စစ်ထုတ်ပြီး မီးလျှော့ချကာ တပွက်ဆူမှာ မိနစ် ၃၀ ကနေ ၄၅ မိနစ် အထိ ကြက်သားနူးအောင် ပြုတ်ပေးပါ။
ကြက်သား နူးရင် ဆယ်ယူစစ်ထားပြီး ကြက်ပြုတ်ရည်ကို အအေးခံထားပါ။
ကြက်သား အနည်းငယ် အေးလာရင် ရေခဲသေတ္တာမှာ နာရီဝက်လောက် ထည့်ပြီး အရိုးထုတ်ကာ ပါးပါးလှီးထားပါ…။
အဲဒီ အချိန်မှာ … ကြက်သွန်ဖြူကို ဆီအနည်းငယ်နဲ့ မွှေးရုံလေးဆီသတ် စစ်ယူထားပါ (ကြွပ်မသွားစေဘဲ မွှေးရုံလေးသာ ဆီသတ်ဖို့ လိုအပ်ပါတယ်)။
ဆန်ကိုဆေးပြီး ရေအစား ကြက်ပြုတ်ရည် (ကြက်ပြုတ်ရည်မှာ အဆီပါဝင်နေဖို့ လိုအပ်ပါတယ်) ကို အသုံးပြုကာ အထက်မှာ ပြောထားတဲ့ ပါဝင်ပစ္စည်းတွေ ပေါင်းစပ်ပြီး Rice Cooker (သို့) ရေခမ်းအောင် ချက်ပါ … (သတိပြုဖို့က မိမိအသုံးပြုမယ့် ဆန်ရဲ့ ရေအညွှန်းကို သေချာသိအောင် လုပ်ပြီး အတိုးအလျှော့ ပြုလုပ်ဖို့ပါပဲ)။
ဆော့စ်ရည်အတွက် ပါဝင်ပစ္စည်း အားလုံးကို ကြိတ်စက်နဲ့ ကြိတ်ပါ။ အရာသာ မြည်းစမ်းပြီး လိုတိုးပိုလျှော့ ပြုပြင်ပါ။
ပာင်းရည်အတွက် ကြက်ရိုးကို ၄ ပိုင်းလောက်ပိုင်းပြီး ရေအနည်းငယ်နဲ့ ဦးစွာပြုတ်ပါ ပာင်းရည် တပွက်ဆူလာရရင် … အမြှုပ်၊ အညစ်အကြေးတွေ စစ်ထုတ်ပြီး … မုန်လာဥကို ပါးပါး လှီးထည့်ပါ … ။ အရသာနဲ့ ငရုတ်ကောင်း ဖြည့်စွက်ပြီး … ကြက်သွန်မြိတ်၊ နံနံပင်ခပ်ပါ။
ထမင်းကျက်ရင် ခူးပြီး ပါးပါးလှီးထားတဲ့ ကြက်သား၊ သခွားသီး ပါးပါးလှီး၊ နံနံပင်တို့ ဝန်းရံကာ ဆော့စ်ရည်၊ ပာင်းချိုတို့နဲ့ တွဲဖက် စားသုံး နိုင်ပါပြီ။
နှစ်သက်ပါက ချင်းနဲ့ ငရုတ်သီးစိမ်း နုတ်နုတ်စဉ်းတွေပါ ထည့်ပေါင်းစားသုံးနိုင်ပါတယ် …။