ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
အဓိကအစာဖြစ်တဲ့ အစားတခုကိုစားသုံးပြီးတိုင်းအချိုပွဲ သုံးဆောင်လေ့ ရှိကြတာကတော့ နိုင်ငံတိုင်း၊ လူမျိုးတိုင်းရဲ့ဓလေ့ ဆိုပေမယ့် သုံးဆောင်ကြတဲ့ အချိုပွဲတွေကတော့ ကွဲပြားလေ့ ရှိကြပါတယ် …။
မြန်မာအခေါ် ကျောက်ကျောကိုတော့ ကမ္ဘာတဝှမ်းက လူမျိုးတိုင်း စားသုံးလေ့ရှိကြပါတယ် …။ ကျနော်တို့ မြန်မာဓလေ့အရ … ပွဲတည်အချိုပွဲ ဖြစ်တဲ့ ကျောက်ကျောကို တမူထူးခြားတဲ့ဒီဇိုင်း၊ ထူးကဲ ဆန်းပြားတဲ့ အရသာလေး ရစေဖို့ နည်းလမ်း ၂ သွယ်နဲ့ ဖန်တီးဝေမျှ လိုက်ပါတယ် …။
ခါးသက်တဲ့၊ မွှေးပျံ့တဲ့ ကော်ဖီအရသာ တလှည့် ချိုအီ မွှေးဆိမ်းတဲ့အုန်းနို့ အရသာတလှည့်
ပေးစွမ်းနိုင်တဲ့ … အရသာထူးလေးပါ။
ကော်ဖီနှင့် အုန်းနို့ကျောက်ကျော (၄ ယောက်စာ)
ပါဝင်ပစ္စည်းများ
အုန်းနို့ – ၁ ၁/၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
နွားနို့ (သို့မဟုတ်) နို့စိမ်း – ၁ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
သကြား – ၁ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
ရေ – ၃ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
ကျောက်ကျောမှုန့် – ၂ ဇွန်း (ထမင်းစားဇွန်း)
ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
နက်စ်ကော်ဖီမှုန့် – ၂ ဇွန်း (ထမင်းစားဇွန်း)
ပထမနည်းလမ်း
ပထမဆုံး အုန်းနို့ကို ဆူပွက်အောင် တည်ပြီး အအေးခံထားပါ။ အုန်းနို့ အနည်းငယ် အေးပြီးဆိုရင်တော့ အုန်းနို့၊ နွားနို့၊ သကြား လေးပုံတပုံနဲ့ ကျောက်ကျောမှုန့် တဇွန်း၊ ဆားတဝက်ကို နှံ့နေအောင်ခေါက်ပါ။ အိုးတလုံးမှာ ထည့်ကာ မီး
အေးအေးမှာ ဆူပွက်သည်အထိ တည်ပါ။ ဝေမကျအောင် အထူးဂရုစိုက်ပါ …။ ဆူပွက်လာရင် သန့်စင်တဲ့ … အအေးခံဗန်းမှာ လောင်းထည့်ပြီး အအေးခံထားပါ။
အုန်းနို့ ကျောက်ကျောတွေကို လုံး၀ အေးခဲသွားအောင် အချိန်ယူပြီးမှ လေးထောင့်တုံးလေးများ အဖြစ် ပိုင်းဖြတ်ထားပါ။
ထိုစဉ်အချိန်အတွင်း ကော်ဖီမှုန့်ကို ရေနွေးအနည်းငယ်နဲ့ အရင်ပျော်အောင် ဖျော်ပေးပြီး ရေ၊ ကျောက်ကျောမှုန့်၊ ကျန်ရှိတဲ့ သကြား၊ ဆားတို့နဲ့ နှံ့အောင်မွှေကာ အိုးတလုံးမှာ အပူပေးပါ …။ ဆူပွက်ပြီး ၂ မိနစ်လောက် အကြာမှာ မီးလျှော့ချကာ ပြင်ညီတဲ့ လေးထောင့်ဗန်းထဲ လောင်းချအအေးခံပါ။
၁၀ မိနစ်လောက် အကြာမှာ အုန်းနို့ ကျောက်ကျောတုံး လေးတွေကို ကော်ဖီ ကျောက်ကျောရည်ထဲ နေရာအနှံ့ ညီညာစွာ လိုက်ထည့်ပေးပါ …။ ဒါကတော့ ကော်ဖီ ကျောက်ကျောထဲမှာ အဖြူရောင် အုန်းနို့တုံးလေးတွေ နစ်မြုပ် ပျော်ဝင်နေတဲ့ ဒီဇိုင်းဆန်းဆန်းလေး ဖြစ်ပါတယ် …။
ဒုတိယနည်းလမ်း
ပထမဆုံး အုန်းနို့၊ နွားနို့ (ဒါမှမဟုတ်) နို့စိမ်း၊ သကြား၊ ဆား တို့ကို အပူပေးပါ။ တပွက်ဆူလာရင် မီးလျှော့ချပြီး တပွက်ဆူ အနေအထားမှာ ကျောက်ကျောမှုန့်ကို ရေဖျော်ထည့်ပြီး နှံ့အောင်မွှေပေးပါ။ ဗန်းတခုအတွင်း လောင်းထည့် အအေးခံပါ။
ထိုစဉ်အတွင်း ကော်ဖီကို ဦးစွာ ရေနွေး၊ သကြားတို့နဲ့ အပူပေးပါ။ ဆူပွက်လာပြီဆိုရင် ကျန်ရှိတဲ့ ကျောက်ကျောမှုန့်ကို ရေဖျော်ပြီး ထည့်မွှေပါ။
ပထမ အုန်းနို့ ကျောက်ကျောရဲ့ အပေါ်ယံအရည် တင်းမာပြီး တဝက်လောက် အေးနေပြီ ဆိုရင်တော့ … ကော်ဖီ ကျောက်ကျော အရည်ကို အုန်းနို့ ကျောက်ကျောပေါ် လောင်းချ အအေးခံပါ။
ဒါကတော့ အုန်းနို့တထပ်၊ ကော်ဖီ တထပ်ပြုလုပ်နည်းပါ …။