ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
ဒီတပတ်အတွက်တော့ … မိသားစုပါတီတွေ၊ သူငယ်ချင်းတွေနဲ့ ဆင်နွှဲကြတဲ့ ပါတီတွေမှာ ရိုးရှင်းလွယ်ကူတဲ့ ပင်လယ်စာအသုပ်လေး အကြောင်း တင်ဆက် ပေးလိုက်ပါတယ်။
ပင်လယ်စာတွေ စားသုံးမယ်ဆိုရင် ရိုးရှင်းတဲ့ နည်းလမ်းကို အသုံးပြုသင့်သလို၊ အချိန်အကြာကြီး ချက်ပြုတ်ခြင်း ကိုလည်း ရှောင်ရှားသင့်ပါတယ်။ တချို့ ပင်လယ်စာတွေက တကယ်ဆို ချက်တောင် မချက်သင့်ပါဘူး။ ပုံမှန်အာပာာရဓာတ် ဆုံးရှုံး သွားတတ်ပါတယ် …။ Mussel နဲ့ Scallop လို ပစ္စည်းတွေ မပါဘဲ တခြား ပင်လယ်စာတွေနဲ့လည်း ပြုလုပ်နိုင်ပါတယ်။
ပင်လယ်စာ အစုံသုပ် (Seafood Salad)
Oyster လို့ ခေါ်တဲ့ ကမာကောင် – ၁၀၀ ဂရမ်
Scallop လို့ ခေါ်တဲ့ ကနုကမာကောင် – ၁၀၀ ဂရမ်
ပုစွန်အလတ် – ၁၀၀ ဂရမ်
ပြည်ကြီးငါး – ၁၀၀ ဂရမ်
ငါးအသားလွှာ – ၁၀၀ ဂရမ်
ကြက်သွန်နီ – ၂ လုံး
ခရမ်းချဉ်သီး – ၂ လုံး
ချင်း – ခပ်ပါးပါး ၄ ချပ်ကို အမျှင်ပုံစံလှီးပါ
ကြက်သွန်ဖြူ – ၃ တက်
ငရုတ်သီးတောင့်နီ – ၄ တောင့်
သံပုရာရည် – ၂ ဇွန်း
ငါးငံပြာရည် – ၂ ဇွန်း
သကြားရည် – ၂ ဇွန်း
ငရုတ်ဆီ (ချီတို) – ၁ ဇွန်း
နံနံပင်၊ ပူဒီနံ၊ တရုတ်နံနံ – နှစ်သက်သလို
ပုစွန်ကို ခေါင်းချိုး၊ အခွံခွာ အမြီးလေး ချန်ထားကာ ချေးထုတ်ပါ။ ပြည်ကြီးငါးကို ၁ လက်မခွဲ အရွယ်လောက် ပိုင်းဖြတ်ပြီး ဓားထက်ထက်နဲ့ အကွက်လေးတွေ ရအောင်မွှန်းပါ။
Scallop ကိုလည်း အသားထုတ်ပါ။ အဲဒီသုံးမျိုးကို သံပုရာသီးတစိတ်၊ ချင်း အနည်းငယ်နဲ့ ရေနွေးဖျောကာ ချက်ချင်း အအေးပြန်ခံထားပါ။
Oyster လို့ ခေါ်တဲ့ ကမာကောင်ကိုတော့ ဓားနဲ့ခွဲပြီး ဆားလေးအနည်းငယ် ဖြူးကာ သံပုရာရည် ညှစ်ထားပေးပါ။
ကြက်သွန်နီ ခပ်ကြမ်းကြမ်းလှီးပြီး ရေဆေးသလို ခရမ်းချဉ်သီး ကိုလည်း အစေ့ အူတိုင်တွေထုတ်ကာ ခပ်ကြီးကြီးလှီးပါ။
ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်နီတို့ကို နုပ်နေအောင် စဉ်းပါ။
ဇလုံခပ်ကြီးကြီး တခုမှာ ငါးငံပြာရည်၊ သကြားရည်၊ သံပုရာရည်၊ ငရုတ်ဆီ၊ ချင်းတို့နဲ့အတူ နုပ်နုပ်စင်းထားတဲ့ အရောကို သမအောင် မွှေပေးပါ။
ပင်လယ်စာ အားလုံးကိုလည်း ထည့်ပေါင်းပြီး ညင်သာစွာ နှံ့အောင်မွှေပေးပါ။
အဲဒီနောက်မှာတော့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ထည့်ပေါင်းပြီး မိမိနှစ်သက်ရာ ပူဒီနံ၊ နံနံပင်၊ တရုတ်နံနံ အရွက်ကလေးတွေနဲ့ အလှဆင် သုံးဆောင်နိုင်ပါပြီ။