ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
ဒီတပတ်မှာလည်း ဒီဇင်ဘာ ဆောင်းအေးအေးနဲ့ လိုက်ဖက်လှတဲ့ ဒေသတွင်း အစားအစာလေး တခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။
ကျနော်တို့ ဒေသတွင်းမှာ စွဲမက်ဖွယ်ကောင်းပြီး ချက်ပြုတ်ရ လွယ်ကူလှတဲ့ တိုင်းရင်းသား အစားအစာတွေ ပေါများစွာ ရှိနေပါတယ်။ အဲဒီ အထဲကမှ ရခိုင်တိုင်းသား အစားအစာချက်နည်း တမျိုးဖြစ်တဲ့ ကြက်ခြေထောက်နဲ့ မျှစ်ချိုဝါ ချက်နည်းလေး ဝေမျှပေးလိုက်ပါတယ်။ ဒီချက်နည်းက ပါဝင်ပစ္စည်း လွယ်ကူသလို၊ အဆီရှောင်လို သူတွေ အတွက်လည်း အဆင်ပြေစေမယ့် စားမြိန်ဟင်းတပွဲလည်း ဖြစ်ပါတယ် …။
ဦးစွာအကြံပေးလိုတာ တခုကတော့ မျှစ်ချိုဝါ ဝယ်ရာမှာ တို့စရာ အနေနဲ့ စားကြတဲ့ လက်ညှိုးအရွယ် သာသာလောက် ရှိတဲ့ မျှစ်ချိုဝါ နုနုလေးတွေကို ရွေးချယ်ဝယ်ယူဖို့တော့ လိုအပ်ပါမယ် …။
ကြက်ခြေထောက်နဲ့ မျှစ်ချိုဝါ ရခိုင်သောက်ဆမ်း အတွက် ပါဝင်ပစ္စည်းများ
CP ကြက်ခြေထောက် – ၁၀ ချောင်း
မျှစ်ချိုဝါနုနု – ၅ ခု
မျှင်ငါးပိ (စိမ်းစားငါးပိ) – ၁ ဇွန်း(ထမင်းစားဇွန်း)
စပါးလင် – ၁ ချောင်း (အဖြူရောင်အပိုင်းသာ)
ငရုတ်သီးစိမ်း – ၂၀ တောင့်ခန့်
နနွင်းမှုန့် – ၁/ ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
မန်ကျည်းမှည့်အနှစ် ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ချင်းသေးသေး – ၁ တက်
နံနံပင် – အနည်းငယ်
ပထမဦးစွာ ကြက်ခြေထောက်တွေကို ရေဆေးသန့်စင်ပြီး ဆား၊ နနွင်းအနည်းငယ်တို့နဲ့ အရသာ နယ်ကာ ချင်းဓားပြားရိုက်၊ စပါးလင် ဓားပြားရိုက်တို့ ထည့်ပြီးပြုတ်ပါ။
အရည်ကြည်လေး ရဖို့အတွက်တော့ ထွက်လာတဲ့ အညစ်အကြေး၊ အမြှုပ်လေးတွေကို ခပ်ထုတ်ပေးရပါမယ် …။
ထိုစဉ်အတွင်း ငရုတ်သီးစိမ်း၊ မျှင်ငါးပိနှင့် ကျန်ရှိသော နနွင်းမှုန့်တို့ကို ရောပြီး ရေအနည်းငယ် ပါသည်ဆိုရုံလေး
ထည့်ပြီး ရေခမ်းအောင်ပြုတ်ကာ ညက်နေအောင်ထောင်း (သို့) ကြိတ်ပေးပါ။
ပြုတ်ထားတဲ့ ကြက်ခြေထောက်ပြုတ်ထဲက ချင်း၊ စပါးလင်ဓားပြားရိုက်ကို ဖယ်ထုတ်ပစ်ပြီး ထောင်းထားတဲ့ ငရုတ်သီး အရာကိုထည့်ပါ။
မျှစ်ချိုနုလေးတွေကို လေးစိတ်ဖြစ်အောင် ဓားနဲ့မွှန်း ပြီးထည့်ပေးပါ။
ဆား၊ ဟင်းခတ်မှုန့်၊ မန်ကျည်းသီးအမှည့်နှစ်တို့နဲ့ ချိုချဉ်ငံစပ် အရသာလေးသွင်းပြီး နံနံပင် ခပ်ထည့်ပေးလိုက်ပါ။
အလွန်စားမြိန်၊ အရသာရှိတဲ့ ကြက်ခြေထောက်နဲ့ မျှစ်ချိုဝါ ရခိုင်သောက်ဆမ်းလေးကို မြည်းစမ်းနိုင်ပါပြီ။