ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
Club Sandwich လို့ခေါ်တာကတော့ တခုနဲ့တခု ထပ်ညှပ်ထားခြင်းလို့ အဓိပ္ပာယ် ဖော်ဆောင်နိုင် ပါတယ်။ သာမန် ကော်ဖီဆိုင်တွေမှာ ရနိုင်ဖို့ ခက်ခဲပေမယ့် ဟိုတယ် စားသောက်ခန်းတွေ၊ အဆင့်မြင့် ကော်ဖီဆိုင်တွေ မှာတော့ ရနိုင်ပါတယ်။
လုပ်နည်း ကတော့ လွယ်လွယ်လေးပါ …။ တခါတရံ အပျင်းပြေ လုပ်စားကြည့်ဖို့ အင်မတန် အဆင်ပြေလှသလို … ကော်ဖီခါးခါးလေး တခွက်နဲ့ နေ့ခင်း၊ ညလယ် အချိန်တွေမှာ … စားသုံးရရင်ဖြင့် ထူးခြားပြောင်းလဲတဲ့ ရသတခုကို ရရှိစေမှာ အသေအချာပါ။
Club Sandwich (၂ ယောက်စာ) အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ …။
ပေါင်မုန့်ချပ် – ၈ ချပ်
ကြက်ရင်ပုံသား ၁ ခြမ်း
ဝက်ပေါင်ပြား (Bacon) – ၈ လွှာ
ကြက်ဥ – ၂ လုံး
Mayonnaise – ၄ ဇွန်း (ထမင်းစားဇွန်း)
ဆလပ်ရွက် – ၆ ရွက်
ခရမ်းချဉ်သီး ပါးပါးလှီး – ၁၂ ချပ်
သခွားသီး ပါးပါးလှီး – ၁၂ ချပ်
ထောပတ် – ၃ ဇွန်း (ထမင်းစားဇွန်း)
တွဲဖက်အလှဆင်ရန်
အာလူးကြော် – ၂၀၀ ဂရမ်
ဂေါ်ဖီနဲ့ ဥနီအနည်းငယ် (အမျှင်လှီးထားရန် သို့မဟုတ် ဆလတ်ရွက်နဲ့ ပေါင်မုန့်မီးဖုတ် အကြွပ်ခြောက်)
ပထမဆုံး ကြက်ရင်ပုံသားကို ဆား၊ ငရုတ်ကောင်း အနည်းငယ်တို့နဲ့ အရသာပေးပြီး ဒယ်အိုးပြား တခုမှာ ဆီအနည်းငယ်နဲ့ အပူပေးပါ။ နှစ်ဘက်စလုံး ကျက်သည်အထိ မီးအေးအေးနဲ့ ကြော်ပေးပါ။ အအေးခံပြီး အချပ်လိုက် ပါးပါးရအောင် လှီးထားပါ …။
ဝက်ပေါင်ပြား (Bacon) ကိုလည်း … ဆီအနည်းငယ်နဲ့ မီးအေးအေးမှာ ရွှေညိုရောင် ရတဲ့အထိ ကြော်ပေးပါ …။
ကြက်ဥကို ခေါက်ပြီး ဆား၊ ငရုတ်ကောင်းတို့နဲ့ အရသာသွင်းကာ အချပ်လိုက်ရအောင် ကြော်ထားပါ …။
ဒါတွေ အဆင်သင့်ဖြစ်ရင် … ပေါင်မုန့်ကို မီးကင်စက်မှာ ရွှေညိုရောင်လေးရအောင် အပူချိန်တဝက်လောက်ပဲ ပေးပြီး ၃ မိနစ်လောက် ကင်ပေးပါ …။
စက်ထဲက ထွက်လာလာချင်း ပေါင်မုန့်တွေကို ထောပတ် တမျက်နှာဆီတိုင်းမှာ သုတ်လိမ်းပေးပါ …။ ပြီးရင် Mayonnaise ကိုပါ သုတ်လိမ်းပေးပါ။
ပထမဆုံး ထောပတ်၊ Mayonnaise သုတ်ပြီးသား ပေါင်မုန့် တချပ်ကိုခင်းပြီး ဆလပ်ရွက်ခင်းပါ၊ ခရမ်းချဉ်သီး ၂ ချပ်နဲ့ သခွားသီး ၂ ချပ်ကို ပေါင်မုန့်ပေါ်မှာ ထောင့်ဖြတ် ခင်းပါ …။ တလွှာချင်းစီ တိုင်းမှာ ကြက်ဥကြော်၊ ကြက်သား၊ ဝက်သားပြားကင်တွေထည့်၊ နောက်ဆုံး ပေါင်မုန့်တချပ်အလွတ်နဲ့ ဖုံးအုပ်ပါ …။
ပေါင်မုန့်ကို လေးစိတ် လှီးဖြတ်မှာဖြစ်တဲ့အတွက် အလယ်တည့်တည့်နား ဆီမှာ သွားကြားထိုးတံ ဒါမှမဟုတ် Plastic stick လေးတွေနဲ့ လေးချပ်စလုံး ထိမိအောင် ထိုးစိုက်ပေးပါ (၄ ချပ်စလုံး မထိမိရင်တော့ … ပေါင်မုန့်ကို ဓားနဲ့လှီးတဲ့အခါ ပုံပျက် သွားပါလိမ့်မယ်)။
ဦးစွာ ပေါင်မုန့် ဘေးသား ပါးပါးလေးတွေကို … ပေါင်မုန့် လှီးတဲ့ဓား လွှနဲ့ လှီးထုတ်လိုက်ပါ …။ ပြီးရင် အလယ် တည့်တည့်ကနေ ထောင့်ဖြတ် ပိုင်းချလိုက်မယ်ဆိုရင် … ညီညာပြီး … ၃ လွှာစီ ညှပ်ထားတဲ့ တြိဂံပုံ ပေါင်မုန့်ချပ် လေးတွေမှာ … သွားကြားထိုးတံ စိုက်မြှုပ် ပြီးသားလေးတွေကို ရရှိမှာ ဖြစ်ပါတယ် …။
နောက်ဆုံး … ဂေါ်ဖီနဲ့ ဥနီမျှင်မျှင် လှီးထားတာလေးတွေကို မရိုးနိစ်၊ ဆား၊ ငရုတ်ကောင်းတို့နဲ့ ရောနယ်၊ ဒါမှမဟုတ် ဆလတ်ရွက်ကို အထက်ပါအတိုင်း နယ်ပြီး အကြွပ်ဖုတ်ထားတဲ့ ပေါင်မုန့်ခြောက် တုံးလေးတွေ ဖြူးကာ … အားလူးချောင်းကြော် လေးနဲ့ တွဲဖက် တည်ခင်းလို့ ရပါပြီ …။