မိုးကုတ်ဒေသထွက် ကျောက်မျက်ရတနာတွေဖြစ်တဲ့ ပတ္တမြား၊ နီလာတို့ဟာ ကမ္ဘာ့အဆင့် ၁ သတ်မှတ်ချက်အဖြစ် အဖိုးတန်လှပါတယ်။ ပင်လယ်ရေပြင်မျက်နှာအထက်ပေ ၃၈၀၀ မှာရှိတဲ့ တောင်ပေါ်မြို့လေးမှာ အဖိုးတန်ကျောက်မျက် ရတနာတွေနှင့်အတူ ရေပန်းစားကျော်ကြားတာကတော့ မိုးကုတ်ဒေသထွက် အစားအစာများဖြစ်ပါတယ်။
မိုးကုတ်မြို့မှာ လူမျိုးပေါင်းများစွာ နေထိုင်ကြတဲ့အတွက် စားစရာများကလည်း စုံလင်လှပါတယ်။ အခြားရှမ်းပြည်နယ်ဖက်က အစားအစာများနှင့်တူတာရှိသလို မိုးကုတ်ဒေသမှာသာ ရတဲ့အစားအစာများစွာလည်း ရှိပါတယ်။ ရှမ်းပြည်နယ်ဒေသထဲမှာပါဝင်တာကြောင့် တောင်ပေါ်ဒေသအစားအစာများထဲက တမူထူးခြားလှတဲ့ မိုးကုတ်ဒေသထွက် အစားအစာအချို့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
မိုးကုတ်ထမင်းပေါင်း
မိုးကုတ်ဒေသမှာ ထမင်းပေါင်းလို့ခေါ်ဆိုကြပေမယ့် အခြားဒေသတွေကလို ထမင်းနဲ့ အသီးအရွက်ကြော် တွဲဖက်ထားတာမျိုးမဟုတ်ပဲ ရှမ်းထမင်းစေးစေးကို ရှမ်းပဲငါးပိ၊ ကြက်သွန်ဖြူဆီချက်၊ အမွှေးအကြိုင်များနဲ့ရောနယ်ထားပြီး ဝက်သားပြားကြော်၊ ဝက်အူချောင်းကြော်၊ မြေပဲကြော်၊ ဘဲဥအငံ၊ နံနံပင်တို့နဲ့ တွဲဖက်ထားတဲ့
ရှမ်းထမင်းသုပ်ကို စားသုံးရတာကလည်း အရသာတမျိုး ထူးခြားလှပါတယ်။
မိုးကုတ်ဆီချက်
မိုးကုတ်ဆီချက်ရဲ့ ထူးခြားချက်ကတော့ လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့ ကြက်ဥခေါက်ဆွဲအဖတ်ပါ။ အခြားဒေသကလို ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်ဖြူကြော်များနဲ့ပြင်ဆင်တာမျိုးမဟုတ်ပါပဲ ချင်းနဲ့သတ်ထားတဲ့ ချင်းနံမွှေးဆီချက်၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့နဲ့တွဲဖက်ထားပြီး အသားပြုတ်ကြော်ကို အချပ်လိုက်ပါးပါးလေး လှီးထည့်ထားပြီး အကြွပ်ကြော်များများနဲ့ တွဲဖက်ထားပေးပါတယ်။ ဝက်သားနဲ့မှာမယ်ဆိုရင်တော့ ဝက်ဆီဖတ်အကြွပ်ကြော်သေးသေးလေးများနဲ့ မွမ်းမံပေးထားတာကလည်း ထူးထူးခြားခြားလေးဖြစ်စေပါတယ်။
မိုးကုတ်မုန်ညှင်းပေါင်း
အခြားရှမ်းပြည်နယ်တွေမှာ ဟင်းပေါင်း၊ ဟင်းထုပ်တွေ စားဖူးကြပေမယ့် မုန်ညှင်းရွက်ကိုပေါင်းထားတဲ့ မိုးကုတ်မုန်ညှင်းပေါင်းကို နေ့ခင်းအစာပြေဖြစ်စေ၊ ဟင်းအမယ်တမျိုးနဲ့ဖြစ်စေ စားသုံးကြပါတယ်။ မိုးကုတ်ဒေသမှာ ရာသီမရွေးရတာကတော့ မုန်ညှင်းပေါင်းပါပဲ။ မနက်ခင်းဈေးတွေမှာ၊ နေ့လည်ခင်း အစာပြေဆိုင်တွေမှာ၊ ညနေဈေးတွေမှာ မုန်ညှင်းပေါင်းကို အမြတ်တနိုး စားသုံးကြပါတယ်။
မုန်ညှင်းပေါင်းဆိုတာ မုန်ညှင်းစိမ်းရဲ့ အဖူးအညွှန့်လေးတွေနဲ့ အရွက်နုလေးတွေကို ဆန်စိမ်းမှုန့်၊ ရှမ်းပဲပုတ်ထောင်း၊ ချင်း၊ ကြက်သွန်ဖြူထောင်း၊ မြေပဲထောင်း၊ ခရမ်းချဉ်သီးစတာတွေနဲ့ရောနယ်ပြီး ကောက်ညှင်းပေါင်းသလို အငွေ့ရအောင်ပေါင်းတဲ့နည်းနဲ့ ပေါင်းထားပေးတဲ့ ဟင်းရွက်ပေါင်းခေါ် မုန်ညှင်းပေါင်းကို ကြက်သွန်ဖြူဆီချက်လေးဆမ်း၊ ငရုတ်သီးဆီချက်လေး တွဲဖက်ကာ မိမိနှစ်သက်ရာအ ကြော်စုံတို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။
မိုးကုတ်ဝက်သားချဉ်
မိုးကုတ်ဝက်သားချဉ်ကတော့ အခြားရှမ်းပြည်နယ်တွေရဲ့ ဝက်သားချဉ်တွေနဲ့ ကွဲပြားခြားနားမှု မရှိလှပေမယ့် အသားများပြီး အရသာက မိုးကုတ်လက်ရာ အစစ်အမှန်ကို ခံစားနိုင်ပါတယ်။
အထက်ဖော်ပြပါ မိုးကုတ်လက်ရာစစ်စစ်တွေကို တစ်နေရာတည်းမှာ ခံစားသုံးဆောင်ချင်တယ်ဆိုရင်တော့ “မိုးကုတ်ဒေါ်ရှန်” အမှတ်(၄) ဝင်္ကပါလမ်း၊ ဂျပန်သံရုံးအနီး ရန်ကုန်မြို့။ ဆိုင်ခွဲအဖြစ် “မိုးကုတ်ဒေါ်ရှန် ” အမှတ်(၁)၊ ဗိုလ်ရာညွှန့်လမ်း၊ ဗိုလ်ချုပ်ဈေးအနောက်ဖက်ဂုံးတံတားအနီးနဲ့ မန္တလေးမှာဆိုရင်တော့ ၃၃ လမ်းနဲ့ ၃၇လမ်းကြား၊ ရတနာပုံဈေးအနီး၊ မန္တလေးမြို့တို့မှာ ဝင်ရောက်မြည်းစမ်းသုံးဆောင်နိုင်ပါတယ်ဆိုတဲ့အကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်။