မြန်မာနိုင်ငံမှာ မီးဖိုချောင်တာဝန်ကို အိမ်ရှင်မတွေက အများဆုံး တာဝန်ယူကြရပါတယ်။ ဟင်းချက် ကျွမ်းကျင်သည်ဖြစ်စေ၊ မကျွမ်းကျင်သည်ဖြစ်စေ စီမံခန့်ခွဲမှုကိုတော့ မဖြစ်မနေ ထမ်းဆောင်ကြရပါတယ်။ စုစုစည်းစည်းနဲ့ နွေးထွေးမှုကို နှစ်သက်တဲ့ အိမ်ထောင်ဦးစီး၊ မိသားစုဝင်များရှိပြီဆိုရင်တော့ မီးဖိုချောင်တာဝန်ကို ယူထားကြရသူများအဖို့ ပိုပြီး ပင်ပန်းရဖွယ်ရှိပါတယ်။
ငယ်စဉ်အချိန်က ကျော့မောစွာ နေထိုင်ခဲ့ရသော အပြင်စီးပွားရေးများကို လုပ်ကိုင်ရသူ အမျိုးသမီးများ၊ အိမ်နှင့်အချိန်ကြာမြင့်စွာ ဝေးပြီး နေထိုင်ကြရတဲ့ အမျိုးသားများပါ ချက်ရေးပြုတ်ရေး အခက်အခဲကို ရင်ဆိုင်ဖူးကြမှာပါ။ ခေတ္တခဏတာအတွက်ဆို လွယ်ကူမြန်ဆန်တဲ့ ချက်ပြုတ်နည်းတွေကို လေ့လာနိုင်ကြပေမယ် ရေရှည်အတွက်ဆိုရင်တော့ အခြေခံနည်းပညာများမှ စတင်ပြီး လေ့လာကြဖို့ အကြံပေးပါရစေ။
ဟင်းချက်နည်းရဲ့ အခြေခံ အစကတော့
(၁) ကိုယ်အသုံးပြုမယ့် ဟင်းချက်ပစ္စည်းတွေရဲ့အကျိုးသက်ရောက်မှုနှင့် အသုံးဝင်ပုံ
(၂) မီးဖိုချောင်သုံးပစ္စည်းများကို နည်းစနစ်မှန်ကန်စွာ အသုံးပြုပုံ
(၃) ရာသီအလိုက်ပေါ်သော ဟင်းသီးဟင်းရွက်များကို ခန့်မှန်းတွက်ဆနိုင်မှု
(၄) ရာသီဥတု အခြေအနေ
(၅) ဈေးကွက်အခြေအနေပြောင်းလဲမှု
(၆) အခြားဒေသန္တရဗဟုသုတများကိုလည်း လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။
(၁) ကိုယ်အသုံးပြုမယ့်ပစ္စည်းတွေရဲ့အကျိုးသက်ရောက်မှုနှင့် အသုံးဝင်ပုံလို့ဆိုရာမှာ ဟင်းပွဲတွေကို ဖန်တီးမယ့်သူတယောက်က ငရုတ်သီးထောင်းနည်း၊ ကြက်သွန်နီပါးပါးလှီးနည်း၊နံနံပင်ရေဆေးနည်း စသည့်အောက်ခြေသိမ်း အခြေခံများကိုပါ ကျွမ်းကျင်ပိုင်နိုင်ကြရမှာ ဖြစ်ပါတယ်။ ကျနော် Hotel Life မှာ ကျင်လည်စဉ်အခါတုန်းက သင်တန်းဆင်းပြီး Training လာဆင်းကြတဲ့ သင်တန်းသားများကို ကြက်သွန်နီပါးပါးလှီးပြီး ညီးနံ့မနံအောင်ရေဆေးနည်းကို ညွှန်ကြားပြောပြတဲ့အခါ “ကျနော်/ကျမတို့က တကယ့်ဟင်းပွဲကြီးတွေကိုလေ့လာဖို့ လာတာပါ၊ ဒီလို အခြေခံအလုပ်တွေကို မလုပ်ချင်ဘူး” ဆိုတဲ့အသံမျိုးကို မကြာခဏ ကြားရလေ့ရှိတတ်ပါတယ်။ တကယ်လို့ ထိုသူဟာ ကြက်သွန်နီပါးပါးလှီးပြီး သုံးရမယ့် မြန်မာပုံးရည်ကြီးသုပ်ကို သုပ်ရတော့မယ်ဆိုပါစို့။ သူရဲ့လက်ရာ(လက်ဆိပ်)၊ သူ့ဖန်တီးမှု အနုပညာ ဘယ်လောက်ရှိရှိ ဒီဟင်းပွဲဟာ ပြီးပြည့်စုံတဲ့အခြေအနေမျိုးမှာ ရှိမနေတော့ဘူးဆိုတာ သတိပြုစေချင်ပါတယ်။ အကယ်၍ ကိုယ်က ဦးဆောင်သူ အနေအထားမှာ ရှိနေရမယ့်အချိန်မျိုးမှာ အခြေခံနည်းတွေကို ကျွမ်းကျင်ပိုင်နိုင်ထားမှသာ မိမိလက်အောက်ငယ်သား၊ အဖွဲ့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ အသုံးဝင်ပုံဆိုရာမှာ ကျနော်တို့တွေဟာ မုန်ညှင်းဖြူကြော်မယ်ဆို ပြင်ပအခွံ ၂ ခုလောက်ကို ခွာပြီး စွန့်ပစ်လေ့ရှိတတ်ကြပါတယ်။အသုံးပြုနည်းကို ကျွမ်းကျင်သူတဦးအနေနဲ့ဆိုရင်တော့ ဟင်းပွဲအလှဆင်တဲ့နေရာ တခုခုမှာ အသုံးပြုလိုက်မှာ ဖြစ်ပါတယ်။
(၂) မီးဖိုချောင်သုံးပစ္စည်းများကိုလည်း မှန်ကန်စွာ အသုံးပြုတတ်ဖို့ လိုအပ်ပါမယ်။ ထောင်းသင့်တဲ့ပစ္စည်းကိုထောင်းဖို့ ငရုတ်ဆုံ မဖြစ်မနေ လိုအပ်မှာဖြစ်သလို အလွယ်လမ်းကို လိုက်ပြီးစက်နဲ့ကြိတ်လိုက်မယ်ဆိုရင် ကိုယ်ဖန်တီးလိုတဲ့ဟင်းပွဲဟာ အခြေအနေအမှန်ကို မရောက်နိုင်တော့ပါဘူး။ ဥပမာအားဖြင့်ကြက်ဥမွှေကြော်အတွက် ခက်ရင်းလေးတချောင်း အသုံးပြုပြီး ခေါက်နိုင်ပေမယ် ကြက်ဥပူတင်းလုပ်မယ်ဆိုရင်တော့ ကြက်ဥအရည်ကို မွှေတဲ့ကိရိယာ Wire Whisk ကို မဖြစ်မနေအသုံးပြုပါမှ ကြက်ဥရဲ့အကြောပြတ်ပြီး လှပတဲ့ ပူတင်းအသားကို ရရှိမှာဖြစ်ပါတယ်။
(၃) ရာသီပေါ် ဟင်းသီးဟင်းရွက်များကို ခန့်မှန်းတွက်ဆမှုကို ဥပမာပေးချင်တာကတော့ မုန်ညှင်းချဉ်ခေါ်တဲ့ ရှမ်းချဉ်ဖြစ်ပါတယ်။ မုန်ညှင်းချဉ်မှာပါဝင်တဲ့ပစ္စည်း အတော်များများကဆောင်းရာသီမှာ စုစည်းရရှိတတ်ကြလို့ ဆောင်းရာသီမှာပြုလုပ်ဖို့ အစီအစဉ်ဆွဲရပါတယ်။ ယနေ့ခေတ်ကာလမှာ ရာသီမရွေး ရနိုင်ပြီဆိုပေမယ့် အဓိကနည်းလမ်းဖြစ်တဲ့ နှင်းရိုက်၊ နေလှမ်းစတာတွေကို ဆောင်းရာသီမှာသာ လုပ်နိုင်တာကြောင့်ရောင်းတမ်းမုန်ညှင်းချဉ်တွေနဲ့ တကယ့်သဘာဝအရသာ ကွာခြားပုံများကို စမ်းသပ်လေ့လာကြည့်နိုင်ပါတယ်။ သရက်သီး သနှပ်ဆိုလည်း သရက်သီးစိမ်း ပေါများချိန်မှာ လုပ်မှသာ မိမိအတွက် လွယ်ကူပြီး ကုန်ကျစရိတ်သက်သာနိုင်တယ် ဆိုတဲ့ အခြေခံသဘောတရားကို လေ့လာသဘောပေါက်မှာပါ။ ဒါကြောင့် ဒီအချက်ဟာလည်း အရေးကြီးလိုက်နာရမယ့်အချက်တခုအဖြစ် အကျုံးဝင်နေပါတယ်။
(၄) ရာသီဥတုအခြေအနေနဲ့ ပတ်သက်ပြီးတော့ အကြံပေးစရာ သိပ်မရှိလှပါဘူး။ ရာသီဥတုပူရင် အအေးစာလေးကို စီစဉ်မယ်၊ ရာသီဥတုအေးနေရင် ပူနွေးသော ဂုဏ်သတ္တိရှိတဲ့အစားအစာတွေကို စီစဉ်ကြတဲ့အခြေအနေမျိုးကို အားလုံးနားလည်လက်ခံထားကြပြီးဖြစ်တယ်ဆိုပေမယ့် ဟင်းချက်ဝါသနာပါသူတွေ၊ စီမံခန့်ခွဲသူတွေအနေနဲ့ အမြဲသတိရှိနေဖို့ လိုအပ်ပါတယ်။
(၅) ဈေးကွက်အခြေအနေပြောင်းလဲမှုဆိုရာမှာ တခါတရံ အချို့ပစ္စည်းတွေဟာ ဝယ်လိုအားများမှု၊ ရှားပါးမှုတို့ကြောင့် ပစ္စည်းပြတ်၊ ဈေးတက်တဲ့အခြေအနေမျိုးကို ကြုံရလေ့ရှိတတ်ပါတယ်။ ဥပမာ အခုလိုအချိန်မျိုးမှာ ကြက်သွန်နီတပိဿာကို ၄ ထောင်ကျပ်ဝန်းကျင်ဖြစ်နေတာကြောင့် ကြက်သွန်နီများများသုံးရမယ့်ဟင်းပွဲချက်ပြုတ်ခြင်းမျိုးကို ခေတ္တရှောင်ထားသင့့်ပါတယ်။ မဖြစ်မနေ စီမံရမယ့်အနေအထားမျိုးဆိုရင်တော့ တတ်နိုင်သလောက် ခြွေတာသုံးတတ်ဖို့ လိုအပ်ပါတယ်။
(၆) အခြားဒေသန္တရ ဗဟုသုတများဆိုတာကတော့ အထူးလိုအပ်လှပါတယ်။ မီးဖိုချောင်ဝင်ပြီး ဟင်းပွဲတွေကို စီမံမယ့်သူဟာ ကိုယ်တိုင်ဈေးသွားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးတွေထဲမှာမှသာ နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လက်တွေ့လေ့လာသိရှိနိုင်လို့ ဖြစ်ပါတယ်။ ရံဖန်ရံခါ အားလပ်ချိန်လေးများယူပြီး စူပါမားကတ်တွေမှာရှိတဲ့ အမျိုးစုံလင်လှတဲ့ ကွဲပြားခြားနားတဲ့ ကုန်ပစ္စည်းတွေရဲ့အကြောင်းကိုေ လ့လာသင့်ပါတယ်။ ဥပမာ သကြားညို၊ သကြားဖြူ၊icing sugar စသည်ဖြင့်ကွဲပြားခြားနားတဲ့ပုံစံ၊ အသုံးပြုပုံတွေကို လေ့လာကြရပါမယ်။ တခါတရံ ကိုယ်မသိတဲ့ငါးအမျိုးအစားတွေကို အမည်၊ ပုံနှင့်တကွ လေ့လာထားမယ်ဆို တကယ့်လက်တွေ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ များစွာအထောက်အကူပြုပါတယ်။
ကိုယ်နေထိုင်ရာမှာ အများဆုံး ချက်ပြုတ်စားသောက်ကြပုံနဲ့ နေရာဒေသ မတူသော ကွဲပြားခြားနားတဲ့လက်ရာများကိုလည်း လေ့လာကြရပါမယ်။
နောက်ဆုံးအကြံပြုလိုတာကတော့ ဟင်းချက်နည်းအနုပညာဆိုတာ ဘယ်တော့မှ ကုန်ဆုံးမသွားပဲ အသစ်အသစ်သော ဆန်းသစ်တီထွင်မှုတွေနဲ့ နေရာဒေသအစုံမှာ နည်းမျိုးစုံနဲ့ ကမ္ဘာကြီးကို ဖမ်းစားထားနိုင်စွမ်း ရှိနေတာကြောင့် မိမိရဲ့လေ့လာအားထုတ်မှု၊ ကြိုးစားမှုတို့ကို “ငါတော့ တတ်ပါပြီ”ဆိုပြီး ရပ်တန့်မပစ်လိုက်ပါနဲ့။ ဟင်းပွဲတွေကို တီထွင်ဖန်တီးသူတွေဟာ ပီတိကိုစား အားရှိနေသာ အနုပညာဖန်တီးသူတွေဖြစ်တယ်ဆိုတာကို ဂုဏ်ယူဝံ့ကြွားကြပါစို့။