Food

ထိုင်း၊ ယူနန်၊ မလေး၊ ဂျပန် စတိုင်လ်တွေရမယ့် Yuki Thai

This article has been converted from Zawgyi One to Unicode

သံသုမာလမ်းနဲ့ မြင်သာ (၅)လမ်းထောင့်မှာရှိတဲ့ ထိုင်း၊ ယူနန်၊ မလေးရှား၊ ဂျပန်စတိုင်လ် အစားအစာတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ အရသာရှိရှိစားသုံးနိုင်မယ့် ဆိုင်လေးကတော့ Yuki Thai ဆိုတဲ့ ဆိုင်လေးပါ။ ကားလမ်းမဘေးဖြစ်လို့ ကားပါကင်အတွက် အနည်းငယ်အခက်အခဲရှိပေမယ့် ကားနဲ့လာရောက် စားသုံး သူများလည်း သင့်တော်ရာမှာ ကားကိုရပ်ပြီး စားသောက်ကြတာကို တွေ့ရပါတယ်။

ဆိုင်ခန်းလေးက သိပ်မကျယ်လှပေမယ့် စနစ်တကျပြင်ဆင်ထားလို့ ချစ်စရာကောင်းပါတယ်။ ဆိုင်ဖွင့်တာ (၆)လလောက်ပဲရှိသေးတာဖြစ်ပြီး ပိတ်ရက်မရှိပဲ မနက်ဆယ်နာရီကနေ ညဆယ်နာရီထိ နေ့တိုင်းဖွင့်တယ်လို့ သိရပါတယ်။ အမြဲတမ်းလာရောက်စားသုံးတဲ့ နိုင်ငံခြားသားတွေရှိပြီး ပုံမှန်လူကျချိန်မရှိဘူးလို့လည်း ဆိုင်မှ တာဝန်ရှိသူက ဆိုပါတယ်။

မလေးရှားစတိုင် ပြည်ကြီးငါး ပုစွန်ကြော်ချက်၊ ယူနန်စတိုင် ကြက်အရိုးလွတ်ကြော်၊ သဘောၤသီးထောင်း၊ ဂျပန်စတိုင် ဖက်ထုပ်ကြော်၊ ကင်မ်ချီဟင်းရည် ငပိထမင်းကြော်တို့ကို မှာယူမြည်စမ်းကြည့်ခဲ့ပါတယ်။ ဟင်းတွေကို မှာယူထားပြီး စောင့်ရတာ သိပ်မကြာလှပါဘူး။ အရသာတွေကို မြည်းစမ်းကြည့်တဲ့အခါမှာလည်း အစပ်အဟပ်တည့်တာကိုတွေ့ရပါတယ်။ ပုစွန်ဆော့စ် အထူးပါဝင်တဲ့ ကိုယ်တိုင်လုပ် ဂျပန်စတိုင် ဖက်ထုပ်ကြော်က အရသာခပ်လေးလေးနဲ့ စားကောင်းပါတယ်။ မလေးရှားစတိုင် ပြည်ကြီးငါး ပုစွန်ကြော်ချက်ကိုတော့ အတော်အရသာတွေ့ခဲ့ပါတယ်။ ပြည်ကြီးငါးနဲ့ ပုစွန်အပြင် ရုံးပတီသီး၊ ပဲသီးတို့ပါ ပါဝင်ပြီး အလွန်ခံတွင်းတွေ့စေပါတယ်။ ကြက်အရိုးလွတ်ကြော်ကတော့ အနည်းငယ်ချိုပြီး စားကောင်းပါတယ်။

ဆိုင်ရဲ့နာမည်ကြီးတဲ့ စတော်ဘယ်ရီ၊ ကီဝီ၊ ငှက်ပျောသီးမီးသင်းရေခဲမုန့်တို့ကိုလည်း မြည်းစမ်း ကြည့်ခဲ့ပါသေးတယ်။ အသီးအနှံတွေနဲ့ တန်ဆာဆင်ထားလို့ ချစ်စရာကောင်းတဲ့ ရေခဲမုန့်လေးတွေဟာ အနည်းငယ်ချိုပေမယ့် အချိုကြိုက်သူတွေတော့ ခံတွင်းတွေ့စေမှာပါ။

menu အတော်များများရရှိနိုင်ပြီး ဈေးနှုန်းအနေနဲ့ ၁၀၀၀ ကနေ ၄၀၀၀ ထိသာ ရှိတာမို့ အဆင်ပြေတဲ့ ဈေးနှုန်းလို့ဆိုရမှာပါ။ ညဖက်မှာ သူငယ်ချင်း မိတ်ဆွေများနဲ့ ညစာလာရောက်စားသုံးသူများရှိပြီး တစ်ယောက်တည်းပဲဖြစ်ဖြစ် သူငယ်ချင်းအပေါင်းအသင်းနဲ့ပဲဖြစ်ဖြစ် ထိုင်လို့ကောင်းမယ့်ဆိုင်လေးပါ။

ဆိုင်နာမည်ဖြစ်တဲ့ Yuki Thai ကိုတော့ ဆိုင်ရှင်ဖြစ်သူရဲ့သမီးငယ်လေးနာမည် Yuki ကို ယူသုံးထားတာ ပါလို့လည်း ရှင်းပြပါသေးတယ်။

Loading