မနက်ခင်းနေရောင်ဟာ ထန်းပင်အဖျားလောက်ကို မေးတင်မိပြီဆိုတာနဲ့ ထမင်းဆိုင်လေးဟာ ကပြအသုံးတော်ခံမယ့် မင်းသမီးငယ်လေးပမာ မကြာခင် တအုံတခင်းကြီး ကြွရောက်လာတော့မယ့် ဧည့်သည်တော်များကို ဧည့်ခံဖို့ အဆင်သင့်ဖြစ်နေတတ်ပါပြီ။
ကျနော်တို့ဟာ အိမ်နဲ့ မကြာခဏ ဝေးကွာကြဖူးကြပါတယ်။ အိမ်နဲ့ ခဏတာလေး ခွဲရချိန်တွေမှာ နေရာအသစ်မှာရှိတဲ့ အသစ်အဆန်းလေးတွေကို အာရုံငြိနေတာကြောင့် အိမ်အလွမ်းဟာ မသိသာလှသေးပါဘူး။
အချိန်ကြာလာတာနဲ့အမျှ အိမ်လွမ်းခြင်းဝေဒနာမှာ ဦးစွာတမ်းတမိတာက အိမ်အစားအစာများပါပဲ။ အိမ်အစားအစာ ချဉ်ခြင်းတပ်မှုဟာ ဘယ်တန်ဖိုးကြီးအစားအစာများနဲ့ အစားထိုးဖြေသိမ့်နိုင်ခြင်း မရှိပါဘူး။ ဒီအလွမ်းတွေကို ဖြေသိမ့်ဖို့ “မွန်မလေး”ထမင်းဆိုင်ကို လှမ်းမျှော်ကြည့်စေလိုပါတယ်။
“မွန်မလေး”ထမင်းဆိုင်ဟာ သာမာန်ထမင်းဆိုင်လေးပါပဲ။ ဘာကြီးကျယ်ခမ်းနားမှုမျိုးနဲ့မှ တန်ဆာဆင်ထားခြင်း မရှိပါဘူး။ ဒီဆိုင်လေးမှာ မြန်မာထမင်းဟင်းတွေကို အိမ်လက်ရာအတိုင်း ချက်ပြုတ်ပြင်ဆင်ပါတယ်။ အခြားထမင်းဆိုင်တွေလို ဟင်းအမယ်ပေါင်းရာကျော် မရှိပါဘူး။ မြန်မာဟင်းပီသတယ်လို့ ဆိုနိုင်လောက်တဲ့ ဆီအရောင် အနည်းငယ်ကိုတောင် တွေ့ရပေမယ့် စားကြည့်မှသာ သိနိုင်မယ့် ထူးခြားလှတဲ့လက်ရာကိုတော့ စွဲမက်စေမှာ အသေအချာပါပဲ။
“မွန်မလေး”ထမင်းဆိုင်ရဲ့ထူးခြားချက်ကတော့ အခြားထမင်းဆိုင်တွေလို ဟင်းအမယ် ၂၀ လောက်ကို အရံသင့်ပြင်ဆင်ချက်ပြုတ်ပြီးမှ ဆိုင်ဖွင့်တာမျိုးမဟုတ်ပဲ အဓိကဟင်း ၅ မျိုးခန့်၊အရံဟင်း ၊ငါးပိရည်နဲ့ တို့စရာ၊ ငါးပိထောင်း၊ အရည်သောက်ဟင်း၊ ထမင်း စတာတွေ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ စတင်ဧည့်ခံတော့တာပါပဲ။ ဘယ်အချိန်သွားရင် ဘာဟင်းရတယ်ဆိုတာမျိုး မဟုတ်ပဲ မီးဖိုခန်းကြီးထဲက ဟင်းတမယ်ထုတ်လာလိုက်၊ ကုန်သွားလိုက်။ နောက်တမျိုးထုတ်လာပြီး ဟင်းပြဇလုံကြီးထဲလောင်းချလိုက်၊ ကုန်သွားလိုက်နဲ့ပဲ ကိုယ်သွားတဲ့အချိန် ဘယ်ဟင်းနဲ့များ တိုးမှာပါလိမ့်ဆိုတာကပဲ ရင်ခုန်စရာကောင်းတဲ့ မွန်မလေးထမင်းဆိုင်ရဲ့ ထူးခြားချက်ပါပဲ။ ဟင်းတမျိုးကို အများကြီး ချက်ထားတာမျိုးမဟုတ်ပဲ အနည်းငယ်ချင်းစီပဲ စီစဉ်ချက်ပြုတ်ထားတာကြောင့် အိမ်မှာစားရသလိုပဲ အမြဲတမ်း ပူပူနွေးနွေး ရရှိခံစားစေပါတယ်။
ကျနော်တို့ရောက်သွားချိန်မှာ ပုစွန်ဆီပြန်၊ အမဲနှပ်၊ ဆိတ်သားရေကျဲ ဆီပြန်၊ ငါးခူစဉ်းကော့နဲ့ ရဲယိုရွက်၊ ငါးရံ့ဒန့်သလွန်သီးအချဉ်ချက်တို့ အဆင်သင့်ဖြစ်နေပါပြီ။ ဟင်းတွေပြတဲ့ စားပွဲခုံကြီးရဲ့အထက်မှာတော့ မွန်မလေးရဲ့လက်ရာ ဟင်းပွဲပေါင်း ၃၀ ခန့်ကို ဖော်ပြထားပါတယ်။ ကျနော်တို့် ဟင်း ၃ ပွဲရွေးချယ်လိုက်ပါတယ်။ ကျနော်က ဆိတ်သားရေကျဲဆီပြန်၊ငါးရံ့ဒန့်သလွန်သီး အချဉ်ချက်နဲ့ ကျနော့်ညီမလေးကတော့ အမဲနှပ်ပါ။ ကျန်တာကတော့ တွဲဖက်များဖြစ်တဲ့ ငါးပိထောင်း၊ ငါးပိရည်နဲ့ တို့စရာ၊ ပဲနှပ်၊ အရည်သောက်ဟင်းများပဲဖြစ်ပါတယ်။
ဒီနေရာမှာ တခု ပြောပြချင်တာက မွန်မလေးထမင်းဆိုင်ဟာ အရည်သောက်ဟင်းချက်ရာမှာ ချဉ်ရည်ဟင်းချက်လေ့သိပ်မရှိပဲ မဲဇလီဖူးဆန်လှော်ဟင်း၊ ပေါက်ပန်းဖြူရွက်ဟင်းချို၊ မြင်းခွာရွက်ဟင်းခါး အစရှိတဲ့ဟင်းချိုပုံစံများပဲ ချက်တာကလည်း ထူးခြားမှုတခုပါပဲ။
“မွန်မလေး”မှာ အဓိကညွှန်းဆိုချင်တဲ့ဟင်းတွေကတော့ ဆိတ်သားရေကျဲဆီပြန်ဟင်းနဲ့ ငါးရံ့၊ ရုံးပတီသီး ဒန့်သလွန်သီးအချဉ်ချက် တို့ဖြစ်ပါတယ်။ ဆိတ်သားဟင်းဟာ တကယ့်အိမ်လက်ရာဟင်းလို အတုံးမပျက် နူးအိနေပြီး ညှီနံ့ကင်းကာ အိန္ဒိယမဆလာရနံ့များလည်း စူးရှမွှေးအီနေခြင်းမျိုး မရှိပါဘူး။ ငါးရံ့၊ ရုံးပတီသီးဒန့်သလွန်သီး အချဉ်ချက်ကတော့ ဘယ်လိုကောင်းလှပါတယ်ဆိုတဲ့ စကားလုံး ရှာမရနိုင်ပဲ ကျနော် စားဖူးသမျှ အကောင်းဆုံးလက်ရာလို့သာ ညွှန်းဆိုချင်ပါတော့တယ်။ ဒီလို လူသိများတဲ့ထမင်းဆိုင်လေးဟာ ရန်ကုန်မြို့ရဲ့အချက်အချာကျသော လူစည်ကားရာ အရပ်မျိုးမှာ ရှိနေတာ မဟုတ်ပဲ ရွှေပြည်သာစက်မှုဇုံသို့ သွားရာလမ်းမကြီးရဲ့ဘေးမှာ တည်ရှိနေတာဖြစ်ပြီး နာမည်ကျော်ကြားလွန်းလို့ ကိုယ်တိုင် တကူးတက သွားရောက်စားသုံးခဲ့သလို အခြားနှစ်သက်သူတွေ အများအပြားနဲ့ စည်ကားနေတဲ့ သာမန်ထမင်းဆိုင်လေးတခုပဲ ဖြစ်ပါတယ်။
ဈေးနှုန်းအနေနဲ့ ဟင်းတပွဲနဲ့ ထမင်းအဝစား ၃၀၀၀ ကျပ်ဝန်းကျင်သာသာ ကျတာကြောင့် သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ထူးခြားတဲ့ အိမ်ချက်ဟင်းအရသာကို အပြည့်အဝ ခံစားရရှိစေပါတယ်။
“မွန်မလေး”ထမင်းဆိုင်ရဲ့လက်ရာကိုမြည်းစမ်းကြလိုရင်ဖြင့် အမှတ် ၄၆၊ ၁ ရပ်ကွက်၊ မြင်းလှည်းဂိတ် မှတ်တိုင်။ အမှတ် ၄ လမ်းမကြီး၊ တညင်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်တဲ့အကြောင်း စကားလက်ဆောင် ပါးလိုက်ရပါတယ်။