မြန်မာ့ရိုးရာ အစားအစာ မဟုတ်ပေမယ့် မြန်မာ့တီထွင်မှု စစ်စစ် ဖြစ်တဲ့ အစားအစာတခု ရှိပါတယ်။ အဲ့ဒါကတော့ ကြေးအိုးပါ။ တခြားနိုင်ငံတွေမှာ ကြေးအိုးလိုမျိုး အလားသဏ္ဍာန် တူညီတဲ့ အစားအစာတွေ ရှိပေမယ့် မြန်မာ့ကြေးအိုးနဲ့ အရသာရော၊ ချက်ပြုတ်မှုပုံစံပါ ကွာခြားပါတယ်။
ကြေးအိုးနဲ့ ချက်တာကြောင့် “ကြေးအိုး” လို့ အမည်တွင်ခဲ့ပြီး ပါဝင်တဲ့ ပစ္စည်းတွေကတော့ ဆန်ကြာဇံ၊ နယ်ပြီးသား အသား (ကြက်၊ ဝက်၊ ပင်လယ်စာ)၊ ပဲပြား၊ ထိုင်ဝမ် မုန့်ညင်းရွက်၊ ဝက်ကလီစာနဲ့ ကြက်ဥတို့ကို ရောပြီး ပြုတ်ထားတာပဲ ဖြစ်ပါတယ်။ ကြေးအိုးက အရည်နဲ့ ဆီချက် ဆိုပြီး နှစ်မျိုးရှိပါတယ်။
ဒီတပတ်မှာ ဧရာဝတီက Foodie Myanmar Guide ကနေတဆင့် ညွှန်းဆိုပေးချင်တာကတော့ ရန်ကုန်မြို့မှာ သွားရောက် စားဆောက်နိုင်တဲ့ အရသာကောင်းကောင်းနဲ့ နာမည်ကြီး ကြေးအိုး ဆိုင်တွေပဲ ဖြစ်ပါတယ်။
(၁) ရွှေတောင်တန်း
ဆိုင်အပြင်အဆင် အရမ်းကြီး ထူးထူးခြားခြား မဟုတ်ပေမဲ့ ရွှေတောင်တန်းကြေးအိုး ဆိုရင် မသိသူ မရှိသလောက်ပါပဲ။ ကြေးအိုး အရသာ အတော်လေး ကောင်းတဲ့ ဆိုင်တဆိုင် ဖြစ်ပါတယ်။ မနက် ၉ နာရီမှ ည ၁၀ နာရီအထိ ဖွင့်ပါတယ်။
လိပ်စာ – အမှတ် ၁၀၇၊ ရွှေတောင်တန်းလမ်း၊ လမ်းမတော်မြို့နယ်။
(၂) Eugenia – Eugenia
ဒီဆိုင်ရဲ့ ကြေးအိုးကလည်း နာမည်ကြီးထဲက တခုဖြစ်ပါတယ်။ သန့်ရှင်းစွာ ချက်ပြုတ်ပြီး ထူးခြားတာတခုက ချက်ပြုတ်တဲ့အခါ ပဲပိစပ်ဆီ တမျိုးတည်းသာ သုံးခြင်းဖြစ်ပါတယ်။
လိပ်စာ – အမှတ် ၄၂၊ မနော်ဟရီ အိမ်ယာ၊ ဗဟိုလမ်း။
(၃) The Sky Bistro
ဆာကူရာ တာဝါ အထပ် ၂၀ က ဆိုင်ဖြစ်ပါတယ်။ ကြေးအိုးကောင်းကောင်း ရတဲ့အပြင် ရန်ကုန်တမြို့လုံးရဲ့ မြင်ကွင်းကို ခံစားနိုင်တဲ့နေရာ ဖြစ်ပါတယ်။
လိပ်စာ – အမှတ် ၃၃၉၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆာကူရာတာဝါ၊ ၂၀ ထပ်။
(၄) ရွှေယုန်လေး
ပါရမီလမ်းပေါ်မှာရှိတဲ့ နာမည်ကြီး ကြေးအိုးဆိုင် တဆိုင် ဖြစ်ပါတယ်။ ပါရမီလမ်းက ဆိုင်အပြင် နောက်ထပ် ဆိုင်ခွဲ ၂ ဆိုင်လည်း ရှိပါတယ်။ တခြား အစားအစာတွေလည်း ရောင်းချတဲ့ အဲဒီဆိုင်မှာ ကြေးအိုးကတော့ အထူး နာမည်ကြီးပါတယ်။
လိပ်စာ – အမှတ် ၂၅၊ သီရီလမ်းသွယ်၊ ပါရမီလမ်း။
(၅) YKKO
အားလုံးသိကြတဲ့ “YKKO” ရန်ကင်းကြေးအိုးပါ။ ရန်ကင်းမြို့နယ်မှာ နှစ်ပေါင်းများစွာ နာမည်တလုံးနဲ့ ကျော်ကြားတဲ့ ကြေးအိုးဆိုင် ဖြစ်ပါတယ်။ အရသာကောင်းမွန်တဲ့အပြင် လက်ရှိ ကြေးအိုးချဉ်စပ်ကိုလည်း ပထမဦးဆုံး တီထွင်ထားတဲ့ဆိုင် ဖြစ်ပါတယ်။ ဆိုင်ခွဲ ပေါင်း ၂၀ ကျော်ရှိပြီး မြန်မာပြည်မှာ အအောင်မြင်ဆုံး ကြေးအိုးဆိုင်လို့ ဆိုနိုင်ပါတယ်။
လိပ်စာ – အမှတ် ၁၀၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်။
ရန်ကုန်မြို့မှာ အခြား နာမည်ကြီးပြီး အရသာစားလို့ကောင်းတဲ့ ကြေးအိုးဆိုင်တွေ အများအပြား ရှိပါသေးတယ်။ အဲဒီဆိုင်တွေရဲ့ အချက်အလက် အကြောင်းအရာတွေကို တနေရာတည်းမှာ ကြည့်ရှူချင်တယ်ဆိုရင် Foodie Myanmar Mobile App ကို Google Playstore မှာ ဒေါင်းလုဒ်ရယူပြီး အသုံးပြုနိုင်ပါတယ်။
http://bit.ly/InstallFoodieMyanmarOnAndroid