Food

ရန်ကုန်မြို့ရှိ ရှားရှားပါးပါး နိုင်ငံခြား အစားအစာ ရနိုင်တဲ့ ဆိုင် ၆ ဆိုင်

This article has been converted from Zawgyi One to Unicode

ကျနော်တို့မြန်မာတွေအတွက် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ အိန္ဒိယ စတဲ့ အာရှဒေသ အစားအစာတွေက မစိမ်းလှပါဘူး။ ဒီတပတ်မှာတော့ Foodie Myanmar Guide မှတဆင့် ဧရာဝတီကနေ ဖော်ပြပေးချင်တဲ့ စားသောက်ဆိုင်တွေကတော့ ရန်ကုန်မြို့မှာ တွေ့ရခဲတဲ့၊ သိပ်များများစားစားလည်း မရှိတဲ့ ဂျာမန်၊ တူရကီ၊ ရုရှား စတဲ့ စားသောက်ဆိုင်တွေကို ညွှန်းဆိုပေးချင်ပါတယ်။

ပထမဆုံး အနေနဲ့ ဂျာမန် အစားအစာ ရရှိတဲ့ဆိုင်ကို ဖော်ပြပါမယ်။

ဆိုင်နာမည်က “Mahlzeit” လို့ ခေါ်ပြီး အဓိပ္ပာယ်ကတော့ တဦးနဲ့တဦး နှုတ်ဆက်တဲ့ သဘောမျိုးဆောင်တယ်လို့ ယူဆရပါတယ်။ ဂျာမန်အစားအစာ အနေနဲ့ Sausage Platter ကဲ့သို့ ကြက်အူချောင်း၊ ဝက်အူချောင်းများ၊ အာလူးချောင်းကြော်၊ Chicken schnitzel (ကြက်သားနဲ့ ဂျုံအာလူးကပ်ကြော်)၊ German Beef Roulade with Cheese Burger စတာတွေ ရရှိနိုင်ပါတယ်။ သန့်ရှင်းသပ်ရပ်မှု အာမခံပြီး အရသာကောင်းမွန်တာကြောင့်
ဖော်ပြပေးလိုက်ပါတယ်။

လိပ်စာ – အမှတ် ၈၄၊ ပန်းလှိုင်လမ်း၊ စမ်းချောင်း။

နောက်တဆိုင်ကတော့ ရုရှား အစားအစာ ရရှိတဲ့ဆိုင်ဖြစ်ပါတယ်။ ဆိုင်နာမည်က “KVAS” ဖြစ်ပြီး အဓိပ္ပာယ်ကတော့ ရုရှားကိုလာ (Russian Cola) လို့ သိရပါတယ်။ လာရောက်စားသုံးသူကို ဆိုင်က Vodka နဲ့ Beer ရောသောက်နည်း သင်ပေးမယ့်အပြင် Holodets လို့ခေါ်တဲ့ Russia Meat Jelly (ရုရှားအသားဟင်းခဲ) ဟင်းကိုလည်း ရှင်းပြမှာ ဖြစ်ပါတယ်။ ရုရှ၊ ဥဇဘက်၊ ယူကရိန်၊ ကာဇက်နဲ့ အရှေ့ ဥရောပ နေရာဒေသ အားလုံးက အစားအစာတွေ အဲဒီ ဆိုင်မှာ ရရှိနိုင်ပါတယ်။ ဆိုင်အနီးအနား ပတ်ဝန်းကျင်များက မှာယူသုံးဆောင်ချင်လျှင် Delivery ပို့ဆောင် ပေးမှာဖြစ်ပါတယ်။ ရုရှားအစားအစာ အတွေ့အကြုံကို ခံစားကြည့်ဖို့ ညွှန်းဆို လိုက်ပါတယ်။

လိပ်စာ – ၂၀၂/၈ ၊ ရန်ရှင်းလမ်း၊ ရန်ကင်း။

နောက်တဆိုင်ကေတော့ မြေထဲပင်လယ် (Mediterranean) အစားအစာတွေ ရောင်းတဲ့ “La Taverna” ဆိုတဲ့ ဆိုင်ဖြစ်ပါတယ်။ Mediterranean Cuisine အများစုဟာ အသီးအရွက်ကို အခြေခံပြီး ချက်ပြုတ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အဆီအဆိမ့် နည်းပါးပါတယ်။ ဝိတ်လျှော့ပြီး Food Diet လုပ်ချင်သူတွေ အတွက် အထူးသင့်တော်တဲ့ အစားအသောက်များဖြစ်ပါတယ်။ မြေထဲပင်လယ်ကို အခြေပြု ဆင်းသက် လာတာကြောင့် ပင်လယ်စာနဲ့ အသီးအရွက်များ ရောနှောပြီး ပြင်ဆင်ထားတဲ့ အစားအစာမျိုး ဖြစ်ပါတယ်။

လိပ်စာ – အမှတ် ၃၃၀၊ အလုံလမ်း၊ ဒဂုံမြို့နယ်။ (ရန်ကုန် အင်တာနေရှင်နယ် ဝင်းအတွင်း)

နောက်ထပ် ညွှန်းပေးမယ့် ဆိုင်ကတော့ အရှေ့အလယ်ပိုင်း (Middle East) နဲ့ တူရကီ (Turkish) အစားအစာများ ရောင်းချပေးတဲ့ ဆိုင်ဖြစ်ပါတယ်။ အဲ့ဒီဆိုင်ကတော့ “Olive Garden” လို့ ခေါ်ပါတယ်။ ဆိုင်မှာ အထူး ရရှိနိုင် တာကတော့ နာမည်ကြီး ကဘတ် (Kebab) လို့ခေါ်တဲ့ အသားလိပ်ပဲ ဖြစ်ပါတယ်။ ကော်ပြန့် စိမ်းလိပ်ကဲ့သို့ ပုံစံတူပြီး၊ တထွာခန့် အရှည်ရှိကာ၊ အတွင်းထဲမှာ အသားကင်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဂေါ်ဖီ နဲ့ ငရုတ်ပွသီးကဲ့သို့ တခြား Ingrediant တွေ ပါဝင်ပါတယ်။ တဦးစာဖြစ်ပြီး၊ ဗိုက်ဝလောက်တဲ့ Portion မျိုးဖြစ်ပါတယ်။ တခြား တူရကီနဲ့ အရှေ့အလယ်ပိုင်း အစားအစာမျိုးစုံကိုလည်း အဲဒီဆိုင်မှာ ရရှိနိုင်ပါတယ်။

လိပ်စာ – အမှတ် ၁၇၀/၁၇၆၊ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်။

နောက်ဆုံးအနေနဲ့ ကမ္ဘောဒီးယားနဲ့ လာအိုအစားအစာ ရရှိနိုင်တဲ့ ဆိုင်ကို ဖော်ပြပေးချင်ပါတယ်။ ဆိုင်နာမည်က “Monsoon” ဖြစ်ပြီး ကမ္ဘောယား ဟင်းလျာများအဖြစ် Samlor Kako ဆိုတဲ့ ကမ္ဘောဒီးယား ရိုးရာဟင်းအပြင်၊ အမဲသားကို ငရုတ်ကောင်းနဲ့ ကြော်ထားတဲ့ဟင်း စတာတွေ ရရှိနိုင်ပါတယ်။

လာအိုစတိုင်ဟင်းများ အနေနဲ့ Soufipa (ငါးအသားလွှာကို အုန်းနို့ချက်)၊ Orlam (အမဲသားမြေအိုး)၊ မှိုကြံမဆိုင်ကြော်၊ ဝက်သံပရာ အုန်းနို့ချက် စတာတွေကို ကောက်ညှင်းဆန်နဲ့ စားသုံးခြင်း ဖြစ်ပါတယ်။ လာအို ရိုးရာဟင်း တော်တော်များများက အုန်းနို့နိုင်နိုင်သုံးပြီး ချက်ပြုတ်ထားခြင်း ဖြစ်ပါတယ်။

လိပ်စာ – အမှတ် ၈၅/၈၇၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်။

Foodie Myanmar Mobile Application ကို Google Playstore မှာ ဒေါင်းလုဒ်ရယူပြီး အသုံးပြုနိုင်ပါတယ်။
http://bit.ly/InstallFoodieMyanmarOnAndroid

Loading