Food

ဇလုံနဲ့ ထမင်းစားကြမယ်

This article has been converted from Zawgyi One to Unicode

တနေ့ထက်တနေ့ အသုံးအဆောင်၊ အဝတ်အထည်၊ အစားအသောက်တွေ ဆန်းပြားလာတဲ့ ဒီဘက်ခေတ်မှာ အရာအားလုံး သူ့နည်းသူ့ဟန်နဲ့ ဆန်းပြားနေပါပြီ။ ဘယ်နေရာမှာ ဘာ ဆိုင် အသစ်ဖွင့်ပြန်ပြီဆိုရင် သူများထက်အရင် ဦးအောင်သွားစားကြ၊ selfie တွေရိုက် facebook ပေါ်တင်ကြ၊ သွားစားတဲ့အစားအသောက်ကို ဝေဖန်ကြ စသည်ဖြင့် အလုပ်ရှုပ်နေကြတဲ့ အချိန်အခါမှာ ဇလုံထမင်းဆိုတဲ့ ဆိုင်လေးလည်း ထပ်ဖွင့်လိုက်ပါပြီ။

ဖွင့်ထားတာ ၁ လ တောင်မပြည့်သေးတဲ့ ဇလုံထမင်းဆိုင်လေးပါ။ နာမည်ဆန်းဆန်းနဲ့ စိတ်ဝင်စားစရာ ဆိုင်လေးမို့လို့ သွားရောက်မြည်းစမ်းခဲ့ပါတယ်။ သူတို့အခေါ်တော့ ပါဆယ်ဆိုင်ပေါ့။ ပရဟိတအသင်း တွေက အလှူလုပ်ဖို့ ပါဆယ်လာယူကြတာများလို့ ပါဆယ်ဆိုင်လို့ ခေါ်ရာကနေ ခုချိန်မှာတော့ ဆိုင်မှာ ပါ ထိုင်စားလို့ ရနေပါပြီ။ ဆိုင်ခန်းကတော့ အနည်းငယ်ကျဉ်းပါတယ်။ အချိုမှုန့် မသုံးပဲ အချိုအတွက် အခြား ဟင်းခတ်မှုန့်တွေ သုံးတယ်လို့သိရပါတယ်။

ဇလုံနဲ့ ထမင်း
ဓာတ်ပုံ – ထက်ဦးဝေ/ဧရာဝတီ

“လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်စရာ ဆိုင်ဖွင့်ဖို့ စဉ်းစားမိတယ်။ အဲ့လိုစဉ်းစားမိတော့ အရင်ဆုံးကုန်ကျစရိတ်လျော့ချဖို့ လိုလာတယ်။ မြန်မာလူမျိုးတွေရဲ့ဟိုးအရင်ကတည်းက ရိုးရာလို့ပြောရမယ့် လက်ဖက်၊ ပုန်းရည်ကြီး၊ သရက်သီး သနပ်၊ ငပိကြော် စတာတွေကို တွေးမိတယ်။ ပြီးတော့ ပန်းကန်အတွက်ကျတော့ ဇလုံဆိုရင် ကုန်ကျစရိတ်နည်းမယ်။ ခုချိန်မှာ တခြားထူးခြားတဲ့ ဥရောပ အစားအစာ၊ ကြက်ကြော် စတာတွေကို စိတ်ဝင်စားမှုများလာကြတာကို တွေ့ရတယ်။ လူတိုင်းက လွတ်လပ်မှုကို နှစ်သက်တယ်လေ။ နေရာတိုင်းမှာ ဇွန်းနဲ့ ခက်ရင်းနဲ့ ဓားနဲ့ စားနေရတော့ ဟန်ဆောင်မှုကင်းတဲ့ ဇလုံကို စဉ်းစားမိတာ လည်း ပါတယ်။ အဲ့တော့ သူတို့ကိုလည်း ဇလုံနဲ့ပြန်ဖမ်းမယ်ပေါ့။ ဆိုင်က လမ်းဘေးဆိုင်ပါ။ နောက်တခုက ကိုယ်ကိုတိုင် စွန့်ဦးတီထွင်တာကို သဘောကျတယ်။ မုန့်ဟင်းခါးတို့လို၊ နန်းကြီးသုပ်တို့လိုများ ဇလုံဆိုင်လေးတွေ ဖြစ်လာခဲ့ရင် စားသုံးသူတွေ ဒီထက်ပိုပြီး အဆင်ပြေ မလားဆိုတဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။ နောက်ပိုင်းကျရင်တော့ လိုအပ်တာတွေကို ဒီထက်ပိုပြီး ထောင့်စေ့အောင် လုပ်လာနိုင်မှာပါ။” လို့ ပါဆယ်ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိုးညီက ပြောပြပါတယ်။

ဇလုံနဲ့ ထမင်း
ဓာတ်ပုံ – ထက်ဦးဝေ/ဧရာဝတီ

ဒီဆိုင်မှာ လက်ဖက်ဇလုံထမင်းသုပ်၊ ပုန်းရည်ကြီးဇလုံထမင်းသုပ်၊ ငပိဇလုံထမင်းသုပ်၊ သရက်သီးသနပ်ဇလုံထမင်းသုပ်၊ စစ်ကိုင်းဇလုံထမင်းသုပ်၊ ချဉ်ပေါင်ကြော်ဇလုံထမင်းသုပ် တွေအပြင် ဝက်သားနီချက်၊ ငါးပြေမဟင်း၊ ငါးမြစ်ချင်းရည်ချို စတာတွေနဲ့ အခြားဟင်းလျာတွေလည်း ရရှိပါတယ်။ ဟင်းလျာတပွဲကို ၂၀၀ ကျပ်ကနေ ၁၂၀၀ ကျပ်ထိသာ ကျသင့်မှာဖြစ်ပြီး ဇလုံ ထမင်းသုပ်ကတော့ တပွဲကို ၈၀၀ကျပ် ဖြစ်ပါတယ်။ အရသာကလည်း အချိုမှုန့် မပါတဲ့အတွက် အစပိုင်းမှာ နည်းနည်းပေါ့ရွှတ်ရွှတ်နိုင်တာကလွဲလို့ မဆိုးလှပါဘူး။

ဇလုံနဲ့ ထမင်း
ဓာတ်ပုံ – ထက်ဦးဝေ/ဧရာဝတီ

သင့်တင့်တဲ့ဈေးနှုန်းနဲ့ မဆိုးလှတဲ့ အရသာကြောင့် သာမန်လက်လုပ်လက်စားဘဝ၊ လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေအတွက် အဆင်ပြေစေမယ့်ဆိုင်လေးပါပဲ။ ဆိုင်က အမှတ်(၃၃ အေ)၊ ဇေယျဝတီလမ်း(ဗဟိုလမ်း)၊ ဂွဈေးအနီး၊ စမ်းချောင်းမြို့နယ်ဖြစ်ပါတယ်။

Loading