အနောက်တိုင်းအစားအစာဖြစ်တဲ့ Pizza ကို အနောက်နိုင်ငံသားတွေသာမက အာရှနိုင်ငံသားတွေပါ နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိကြပါတယ်။ Pizza ကို မိမိတို့နေထိုင်ရာ အလုပ်၊ အိမ်၊ ကျောင်း စတဲ့ နေရာတွေကနေ Delivery မှာ စားလေ့ရှိကြသလို ဆိုင်မှာလည်း သွားစားလေ့ရှိကြပါတယ်။
ပီဇာကြိုက်သူတွေအတွက် ရန်ကုန်မြို့မှာရှိတဲ့ Pizza ဆိုင်တွေထဲက နာမည်ကြီး Pizza Brand တခုဖြစ်တဲ့ The Pizza Company က အရသာကောင်းပြီး အမယ်စုံတဲ့ Pizza တွေနဲ့ ဧရာဝတီရဲ့ အစားအသောက်ကဏ္ဍကနေ ဒီတပတ် မိတ်ဆက်ပေးချင်ပါတယ်။
The Pizza Company က ရန်ကုန်မြို့မှာ Dagon Center 1 (မြေနီကုန်း)၊ Ocean (တာမွေ)၊ Myanmar Plaza 3rd Floor, Myanmar Culture Valley, ဗိုလ်ချုပ်လမ်းမပေါ်နဲ့ Junction Square တို့မှာ ဆိုင်ခွဲ ၆ ဆိုင် ဖွင့်လှစ်ထားပြီး မန္တလေးမြို့ မှာတော့ Mingalar Mandalay မှာ တဆိုင်၊ စုစုပေါင်း ၇ ဆိုင် ဖွင့်လှစ်ထားပါတယ်။
စာရေးသူ သွားရောက်ခဲ့တဲ့ ဆိုင်ကတော့ ရွှေတိဂုံဘုရား အနောက်ဘက်မုဒ်၊ ဦးဝိစာရလမ်းမပေါ်၊ People Park ဝင်းထဲမှာ ရှိတဲ့၊ Myanmar Culture Valley ထဲ The Pizza Company ဆိုင်ခွဲပါ။ ဒီဆိုင်က People Park ဝင်းထဲမှာရှိတာကြောင့် ကားပါကင် နေရာအဆင်ပြေပြီး ဆိုင်နေရာကလည်း သီးသန့် ဖြစ်နေတာကြောင့် ကျယ်ကျယ်ဝန်းဝန်းနဲ့ အေးအေး ဆေးဆေး ထိုင်လို့ ကောင်းပါတယ်။
ဆိုင်အတွင်းမှာတော့ ၂ ယောက်ဝိုင်း၊ ၄ ယောက်ဝိုင်း၊ ၆ ယောက်ဝိုင်း စသဖြင့် ထိုင်ခုံ စားပွဲများ အစီအရီ ခင်းကျင်းထားတာတွေ့ရပြီး ဆိုင်အတွင်းမှာ မထိုင်ချင်သူတွေအတွက်လည်း အပြင်ဘက်မှာ ညနေခင်းဘက် အေးဆေးထိုင်လို့ ရတဲ့ နေရာတွေ ခင်းကျင်းထားတာ တွေ့ရပါတယ်။
ဆိုင်မှာ ခင်းကျင်းထားတဲ့ အပြင်အဆင်က Fine-Dining ပုံစံမျိုး ပြင်ဆင်ထားတာဖြစ်ပြီး ဆိုင်မှာ Pizza အမယ် မျိုးစုံ၊ Topping အမျိုးအစားပေါင်း ၃၀ ကျော်ရရှိပြီး ချိစ့်အရသာ အသစ်များ၊ Appetizer အသစ်များနဲ့ Pasta, Salad, Pork Rib စတဲ့ ပီဇာနဲ့လိုက်ဖက်တဲ့ အီတာလျံ အစားအစာတွေလည်း အစုံအလင် ရပါတယ်။
စာရေးသူ အရသာမြည်းစမ်းခဲ့တဲ့ Pizza ကတော့ “Chicken Trio” ဆိုတဲ့ ကြက်သားသုံးမျိုး ပီဇာပါ။ ဒီပီဇာက ကြက်ကင်၊ ကြက်သားနဲ့ ကြက်သွန်ဖြူ ထောပတ်ကြက်သားနှပ် စတဲ့ မတူညီတဲ့ ကြက်သား ၃ မျိုးကို အတုံးလေးတွေ လုပ်ပြီး ပီဇာအပေါ်မှာ ချိစ့်၊ ခရမ်းချဉ်သီးဆော့စ်၊ မှိုအလုံး၊ အစိမ်းရောင် ငရုတ်သီး၊ အနီရောင် ငရုတ်သီးတို့နဲ့ စားချင်စဖွယ် ဖြစ်အောင် ထည့်သွင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။
ပီဇာဘေး အနားသတ်မှာလည်း ကြက်အူချောင်းကို ထည့်သွင်းထားပြီး ဒီ ပီဇာက Deluxe အမျိုးအစားလို့ သိရပါတယ်။ အရသာက မတူညီတဲ့ ကြက်သား ၃ မျိုးရဲ့ အရသာကို လျှာပေါ်မှာ တပြိုင်နက်တည်း ခံစားရပြီး ချိစ့်နဲ့အတူ နူးညံ့တဲ့ ပီဇာဂျုံအသား၊ ပြီးတော့ မအီအောင် ငရုတ်သီးရဲ့ စပ်တဲ့ အရသာနဲ့ ခရမ်းချဉ်သီးအနှစ်နဲ့ ချဉ်တဲ့အရသာကြောင့် စားရတာလည်း မအီပါဘူး။
“The Pizza Company ရဲ့ အဓိကကတော့ ပီဇာတွေရဲ့ Taste က Asian Taste ပေါ့။ အဓိက အာရှသားတွေ အကြိုက် အရသာကို ချဉ်၊ ငံ၊ စပ် ပုံစံလေးတွေ လုပ်ထားတာ များတယ်။ နိုင်ငံခြားသားဆိုလည်း နိုင်ငံခြားသားအကြိုက် Taste လုပ်ပေးတယ်။ Pizza Company က ထိုင်းအခြေစိုက်လည်း ဖြစ်တော့ ထိုင်းအကြိုက်နဲ့ မြန်မာအကြိုက်နဲ့လည်း ပုံစံဆင်တယ်” လို့ The Pizza Company ရဲ့ Marketing Manager ကိုရဲထွန်းနိုင်က ပြောပါတယ်။
ပီဇာက ကိုယ်ကြိုက်နှစ်သက်သလို Crust (အောက်ခံဂျုံသား) ကို Pan, Crispy Thin, Extreme, Extra Cheesy Sausage Bites ဆိုပြီး အမျိုးအစား ၄ မျိုးနဲ့မှာနိုင်ပြီး Size အရွယ်အစားကိုလည်း Small, Medium, Large ဆိုပြီး အရွယ်အစား ၃ မျိုး မှာနိုင်ပါတယ်။ ဈေးနှုန်းက ပီဇာတချပ်ကို မြန်မာငွေ ကျပ် ၆ ထောင်ကျော်ကနေ ၂ သောင်းကျော် အထိ အစားစားရှိပါတယ်။
ပီဇာတချပ်မှာ Crust အမျိုးအစားနဲ့ အပေါ်ကထည့်တဲ့ Topping အမျိုးအစားများ အပေါ်မူတည်ပြီး ဈေးနှုန်းက အနည်းအများ ကွာသွားတာပါ။ ပီဇာကိုလည်း သမားရိုးကျ Menu ထဲကအတိုင်း မှာစားရတာ ရိုးသွားတယ်ဆိုရင် Freestyle Pizza ဆိုပြီး ကိုယ်ကြိုက်နှစ်သက်ရာ Crust နဲ့ ကြိုက်နှစ်သက်ရာ Topping များထည့်ပြီး Freestyle မှာလို့ရတယ်လို့ သိရပါတယ်။
နောက်ထပ် မြည်းစမ်းခဲ့တဲ့ ပီဇာကတော့ “Shrimp Cocktail” ဆိုတဲ့ “ပုဇွန်ကော့တေး” ပီဇာပါ။ သူက ပုဇွန်နဲ့အတူ မှိုအလုံး၊ နာနတ်သီးနဲ့ ခရမ်းချဉ်သီးအနှစ်တို့ ပါဝင်တာကြောင့် စားရတာ မအီဘဲ နာနတ်သီး အရသာ ချဉ်ချဉ်လေးနဲ့ စားကောင်းပါတယ်။
“Pizza, Coca Cola” တို့နဲ့ အတူနောက်ထပ် လိုက်ဖက်တဲ့ အစားအစာတခုကတော့ “Pork Rib with French Fries” လို့ ခေါ်တဲ့ ဝက်နံရိုးကင်နဲ့ အာလူးချောင်းကြော်ပါ။ ဝက်နံရိုးသားကို နူးအိနေအောင် ကင်ထားပြီး ဝက်နံရိုးသား Full ကို ၁၄၀၀၀ ကျပ်နဲ့ Half ကို ၈၀၀၀ ကျပ် ကျသင့်ပါတယ်။ ဝက်နံရိုးသား အိအိလေးမှာမှ ချိုနေတဲ့ အရသာက French Fries နဲ့ စားရတာ လိုက်ဖက်ပါတယ်။
ဆိုင်မှာ Salad လည်း အစုံရနိုင်ပြီး ပီဇာနဲ့အတူ Pasta တွေထဲက “Stir Fried Pasta with Crispy Gourami Fish” (ဂူရာမိ ငါးအသာလွှာ အကြွပ်နဲ့ ပါစတာ) ကို မြည်းစမ်းခဲ့ပါတယ်။ Pasta က ဂူရာမိ ငါးအသာလွှာ အကြွပ်နဲ့အတူ ပါစတာထဲမှာ Basi Leaf (ပျဉ်းတော်သိမ်ရွက်) နဲ့ ငရုတ်ကောင်းစေ့တို့ ပါဝင်ပြီး စားရတာ စပ်စပ်လေးနဲ့ လုံးဝမအီပါဘူး။
Pasta က အနောက်တိုင်းသားအတွေအကြိုက် Creamy Type မျိုးမဟုတ်ဘဲ အာရှသားတွေ အကြိုက် Spicy ပုံစံမျိုးဆိုတော့ ဒီပါစတာကို ဆိုင်မှာ အာရှနိုင်ငံသားတွေ အစားများကြတယ်လို့ ကိုရဲထွန်းနိုင်က ဆိုပါတယ်။ ဒီဆိုင်မှာ Pasta ကလည်း ဈေးနှုန်း ၅၀၀၀ ကျော်ကနေ ၆၀၀၀ ကျော် အထိ အမျိုးအစားစုံ အစားစား ရှိပါတယ်။
The Pizza Company ဆိုင်ခွဲတိုင်းမှာ အခုဆို ၂၉၀၀၀ ကျပ်ဖိုး စားသုံးပြီးတိုင်း Ford Fiesta 2017 Model Brand New ကားအပါအဝင် LG Electroins ပစ္စည်းများ၊ ဗီယက်နမ် Halong Bay ခရီးစဉ် Package၊ Karcher အမှတ်တံဆိပ် သန့်ရှင်းရေးသုံး စက်များ၊ The Pizza Company Gift Vocher များကို နှစ်သစ်ကံစမ်းမဲ အစီအစဉ်အဖြစ် နိုဝင်ဘာလ ၁၅ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပေးထားတယ်လို့ သိရပါတယ်။
The Pizza Company ဟာ ထိုင်းနိုင်ငံရဲ့နာမည်ကြီး Brand တခုဖြစ်ပြီး ထိုင်းနိုင်ငံမှာ ၂၀၀၁ ခုနှစ် ကတည်းက စတင် ရောင်းချခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီမှ ည ၁၀ နာရီအထိလို့ သိရပါတယ်။
The Pizza Company ဟာ အခြားသော တရုတ်၊ ကမ္ဘောဒီးယား၊ ဆောဒီအာရေးဗျ၊ ယူအေအီး၊ ဘာရိန်း၊ ဂျော်ဒန်၊ ဗီယက်နမ်၊ လာအို စတဲ့ နိုင်ငံများမှာလည်း ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ဆိုင်လိပ်စာ – The Pizza Company (Myanmar Culture Valley ဆိုင်ခွဲ)
ရွှေတိဂုံဘုရားအနောက်ဘက်မုခ်၊ ဦးဝိစာရလမ်းမပေါ်၊ People Park, ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။