Food

ဟောင်ကောင်လက်ရာ စစ်စစ်နဲ့ “Hong Bao Myanmar” စားသောက်ဆိုင်

ရန်ကုန်မြို့မှာ ဒင်းမ်ဆမ်း (Dim Sum) အရသာကောင်းကောင်းနဲ့ ဟောင်ကောင်လက်ရာစစ်စစ် တရုတ်အစားအစာများကို ဟောင်ကောင် ဝါရင့်စားဖိုမှူးကြီးများကိုယ်တိုင် လက်စွမ်းပြ ချက်ပြုတ်ပေးနေတဲ့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၈ မိုင်လမ်းဆုံ၊ မြိုင်ဟေဝန်ပန်းခြံအနီး Food Center ဝင်းအတွင်းမှာ “Hong Bao Myanmar” စားသောက်ဆိုင်အသစ် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ကားပါကင် ကျယ်ကျယ်ဝန်းဝန်းနဲ့ ဆိုင်နေရာ အနေအထား ကျယ်ဝန်းပြီး မိသားစုလိုက် ဒါမှမဟုတ် မိတ်ဆွေ သူငယ်ချင်းတွေ၊ ကုမ္ပဏီအသင်းအဖွဲ့တွေ အေးအေးဆေးဆေး လာရောက်စားသောက်မယ်ဆို အဆင်ပြေပါတယ်။

ဆိုင်အတွင်းပိုင်းမှာ မိသားစုများ၊ စီးပွားရေးသမားများ၊ အေးအေးဆေးဆေး သီးသန့် စားသုံးလိုသူများအတွက် ကျယ်ဝန်းတဲ့ အထူးသီးသန့်ခန်း (Private Room)များ ပါရှိပြီး ဆိုင်စားပွဲများရဲ့ အခင်းအကျင်းကလည်း Fine Dining ပုံစံ ခင်းကျင်းထားတာ တွေ့ရပါတယ်။

Media Tasting ပွဲမှာ မြည်းစမ်းခဲ့တဲ့ ဟင်းလျာများ ပီကင်းဘဲကင်၊ ငါးဆီဖောင်းပုဇွန် မြေအိုးချက်၊ ၊ Hong Bao Style ကျားပုဇွန်ကြော်၊ ဂဏန်းမဆလာချက်၊ ငါးမန်းတောင်မြေအိုး၊ ဆားဘဲဥ အနှစ်ပေါက်စီ၊ ပုဇွန်ညှပ်လိပ်၊ နိုင်လွန်ပုဇွန်ပေါင်း၊ ရှန်ဟိုင်းပေါက်စီ၊ ဝက်ပေါင်းမှို ဖက်ထုတ်၊ ပင်လယ်ဂုံးသား ထမင်းကြော်တို့ ဖြစ်ပါတယ်။

“Hong Bao Myanmar” ဆိုင်ခွဲများမှာ အမျိုးအမယ်စုံသော အသားပေါင်း ဒင်းမ်ဆမ်း (Dim Sum) များအပြင် မြန်မာစားသုံးသူများ ကြိုက်နှစ်သက်ကြတဲ့ ဟင်းလျာများ ဟောင်ကောင်ဘဲကင်၊ ကြက်မဲ ဂျင်ဆင်း ဟင်းရည်၊ ကျောက်ငါးနီပေါင်း၊ Hong Bao Style ကျားပုဇွန်ကြော် စတဲ့ ဟောင်ကောင် လက်ရာ ဟင်းလျာ အမျိုးပေါင်း ၂၀၀ ကျော် ရောင်းချပေးနေတယ်လို့ သိရပါတယ်။

“ကျနော်တို့ဆိုင်မှာ သုံးထားတဲ့ ပင်လယ်စာ၊ ပုဇွန်တွေဆို လတ်လတ်ဆတ်ဆတ်နဲ့ သေချာလေး အရသာ နယ်ပြီး ချက်ပြုတ်တယ်။ ညှပ်လိပ်တို့ ဖက်ထုတ်တို့လည်း ဆိုင်မှာ ကိုယ်တိုင် လုပ်တယ်။ ဆိုင်က ဟင်းလျာတွေက Homemade ကို ပိုအသုံးများတယ်။ အပြင်ကနေ ပြန်ဝယ်တာ နည်းတယ်။ ဆိုင်မှာ သုံးထားတဲ့ Ingredient အများစုက ဟောင်ကောင် အရသာစစ်စစ် ချက်တာပါ” လို့ အစားအသောက်များ ချက်ပြုတ် ပြင်ဆင်ပုံနဲ့ ပတ်သက်ပြီး Hong Bao Myanmar ရဲ့ Executive Chef ဖြစ်သူ Mr.Weng Ge Qu က ရှင်းပြပါတယ်။

ဟင်းလျာတွေရဲ့ အရသာက ဟောင်ကောင် အရသာအတိုင်း အများစုက ချိုတဲ့ အရသာဘက်သွားပြီး အသားပေါင်း၊ ဖက်ထုတ်၊ ဒင်းမ်ဆမ်းတို့က နူးညံ့ပြီး စားရတာ အရသာရှိပါတယ်။ ဆိုင်မှာ ဟင်းလျာတွေကို Set Menu နဲ့ ရောင်းချပေးသလို တပွဲချင်းစီ ရောင်းချပေးတယ်လို့လည်း သိရပါတယ်။ ဈေးနှုန်းတွေက Set Menu နဲ့ဆို အနည်းဆုံး ၂ သောင်း ၈ ထောင်ကနေ ၃ သောင်း ၈ ထောင်၊ ၆ သောင်း ၈ ထောင်၊ အများဆုံး ၁ သိန်း ၈ ထောင်အထိ ဟင်းပွဲ အမျိုးအစားပေါ် မူတည်ပြီး အစားစားရှိတယ်လို့ သိရပါတယ်။

“Hong Bao Myanmar” စားသောက်ဆိုင်က ကျန်းမာရေးနဲ့ညီညွှတ်တဲ့ Healthy Food တွေကို အဓိကထား ချက်ပြုတ်ပြီး အရသာကိုလည်း ပြည်တွင်း၊ ပြည်ပမှ အရည်အသွေးမြင့်တဲ့ အသားငါးများ၊ ဟင်းခတ် အမွှေးအကြိုင်များကို အသုံးပြုကာ ဟောင်ကောင် အရသာစစ်စစ် ရရှိအောင် ကွမ်ကျုံးမှ ဝါရင့် စားဖိုမှူးကြီးများ ကိုယ်တိုင်ဦးစီးပြီး စီမံချက်ပြုတ်တယ်လို့ သိရပါတယ်။

“Hong Bao Myanmar” ပထမဆုံး စားသောက်ဆိုင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ ရန်ကုန်မြို့၊ ၆ မိုင်ခွဲ၊ Marketplace မှာ “Dimsum House” အဖြစ် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒုတိယဆိုင်အဖြစ် ဒဂုံမြို့နယ်၊ မနော်ဟရီလမ်းနဲ့ ပြည်လမ်းထောင့်မှာ တဆိုင်၊ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းနဲ့ နာနတ်တောလမ်းထောင့်မှာ တဆိုင်နဲ့ ၄ ဆိုင်မြောက်အဖြစ် ၈ မိုင်လမ်းဆုံ၊ မြိုင်ဟေဝန် ပန်းခြံအနီးမှာ ထပ်မံဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

“Hong Bao” စားသောက်ဆိုင်က ရန်ကုန်မြို့မှာ ဆိုင်ခွဲ ၄ ခု ရှိပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း ဆိုင်ခွဲပေါင်း ၅ ဆိုင် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ “Hong Bao Myanmar” ရဲ့ ၄ ဆိုင်မြောက် ဆိုင်ခွဲဖွင့်ပွဲနဲ့ မီဒီယာမြည်းစမ်းပွဲ (Media Tasting) အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့က မြိုင်ဟေဝန် ပန်းခြံအနီး၊ “Hong Bao Myanmar” စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Loading