ဘီယာဈေးကွက်ဟာ ကမ္ဘာ့ပေါ်မှာ အကြီးဆုံး အဖျော်ယမကာ ဈေးကွက်တခု ဖြစ်ပြီးလာမယ့် ၂၀၂၀ မှာဆိုရင် တနှစ်ကို နိုင်ငံတကာကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၈၈ ဒသမ ၄ ဘီလီယံ ဖိုးလောက်ထိအောင် ဘီယာဖိုး အသုံးပြုလာဖို့ ရှိနေတယ် လို့လည်း ခန့်မှန်းထားပါတယ်။ အထူးသဖြင့်တော့ လူဦးရေများပြားတဲ့ တရုတ်လို နိုင်ငံမှာ ဘီယာသောက်သုံးမှု များလာလို့ပါ။ ဘယ်ဘီယာတွေက ဈေးကွက်မှာ လူကြိုက်အများဆုံးလဲ၊ သောက်သုံးမှု အများဆုံးလဲ။ ဒီ အကြောင်း တင်ပြသွားမှာပါ။
(၁၀) Coors Light ။ ။ တကမ္ဘာလုံးက ဘီယာဈေးကွက်ရဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ကနေဒါ အခြေစိုက် ဘီယာ ဖြစ်ပြီး အရက်ပါဝင်နှုန်း ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၁၉၇၈ ခုနှစ်ကတည်းက ထုတ်လုပ်ရောင်းချနေတဲ့ ဘီယာ ဖြစ်ပြီးအမေရိကန်၊ အင်္ဂလန်၊ ကနေဒါတွေမှာ လူကြိုက်များပါတယ်။ ၂၀၀၈ ခုနှစ်က ဘီယာကုမ္ပဏီပိုင်ရှင် Molson Coors က Molson Coors International ကို ဖန်တီးပြီး အာရှဈေးကွက်မှာပါ ဘီယာကို တိုးမြှင့်ထုတ်လုပ် ရောင်းချတဲ့ အစီအစဉ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။
(၉) Brahma ။ ။ တကမ္ဘာလုံးဈေးကွက်ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း ရရှိထားပါတယ်။ ဘရာဇီးမှာ လူကြိုက်အများဆုံး ဖြစ်နေပြီး အရက်ပါဝင်နှုန်း အပေါ် မူတည်လို့ Brahma ဆိုရင် ၄ ဒသမ ၃ ရာခိုင်နှုန်းနဲ့ Chopp ဆိုရင် ၅ ရာခိုင်နှုန်း ဆိုပြီး အဓိက ခွဲခြားထုတ်လုပ်ပါတယ်။ Rate Beer ရဲ့ မှတ်ချက်အရ အခုဘီယာက စည်ဘီယာထဲမှာ အရသာအကောင်းဆုံး၊ အနံ့အပြင်းဆုံးနဲ့ စွဲလမ်းမှု ဖြစ်စေတဲ့ ဘီယာလို့ ဆိုပါတယ်။ အခုလက်ရှိမှာBrahma ကို Anheuser-Busch InBev က ပိုင်ဆိုင်ပြီး ၁၈၈၈ ကတည်းက ထုတ်လုပ်ရောင်းချနေတဲ့ အမှတ်တံဆိပ်ပါ။
(၈) Harbin ။ ။ သူလည်းဈေးကွက်ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း ရရှိထားတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ ရှေးအကျဆုံး အဖျော်ယမကာ ထုတ်လုပ်သူလို့လည်း ဆိုနိုင်ပါတယ်။ ၁၉၉၀ ကတည်းက ထုတ်လုပ်ရောင်းချနေတာပါ။ မြောက်ပိုင်း တရုတ်ပြည်မှာ အရက် ၄ ဒသမ ၈ ရာခိုင်နှုန်း ပါဝင်တဲ့ Harbin က လူကြိုက် အများဆုံး ဖြစ်နေပါတယ်။ Brahma နဲ့ မိခင် ကုမ္ပဏီ အတူတူလို့ ဆိုရမှာ ဖြစ်ပြီးလက်ရှိမှာ Harbin ကိုလည်း Anheuser-Busch InBev က ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။
(၇) Heineken ။ ။ ပြည်တွင်းမှာပါ လူကြိုက်များတဲ့ အမှတ်တံဆိပ်က ဈေးကွက်ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်းက ရထား ပါတယ်။ နယ်သာလန်နိုင်ငံမှာ ၁၈၆၄ ခုနှစ်ကတည်းက Gerard Heineken က တည်ထောင် ထုတ်လုပ်လာခဲ့တာပါ။ အရက် ၅ ရာခိုင်နှုန်း ပါဝင်မှု ရှိပါတယ်။ အထူးသဖြင့်တော့ ဈေးကွက်ရှာဖွေမှု အားကောင်းခြင်းနဲ့ အတူ လူကြိုက်များလာ ခဲ့တာပါ။ တနှစ်တာ ဈေးကွက်ရှာဖွေနိုင်မှု အကောင်းဆုံးဘီယာ ကုမ္ပဏီဆုကို ၂ ကြိမ်စီအများဆုံး ရဖူးထားတဲ့ ကုမ္ပဏီ ၂ ခုထဲမှာ Heineken ပါပါတယ်။
(၆) Yanjing ။ ။ သူက မထင်မှတ်ဘဲ ဈေးကွက်ရဲ့ ၁ ဒသမ ၉ ရာခိုင်နှုန်းလောက်ထိ ပိုင်ဆိုင်ထားပါတယ်။ Bloomberg ကနေ ဖော်ပြချက်အရ ၁၉၈၀ ကမှ စတင် တည်ထောင် ထုတ်လုပ်လာတဲ့ ဘီယာဖြစ်ပေမယ့် ၁၉၉၅ အရောက်မှာတော့ Yanjing ဟာ တရုတ်ပြည်မှာလူကြိုက်အများဆုံး ဘီယာ ဖြစ်လာခဲ့ပါပြီ။ နှစ်စဉ် ဖေဖော်ဝါရီမှာ ကျင်းပတဲ့ Great Hall of the People ပွဲမှာကို အသုံးပြုနေပါတယ်။ Beijing Yanjing Brewery Co ကနေပိုင်ဆိုင်ပါတယ်။ Rate Beer ရဲ့ မှတ်ချက် အရတော့ အမြှုပ်ထကောင်းတယ်၊ အနံလည်းမွှေးပြီး အရသာ ပိုချိုတယ် လို့ ဆိုပါတယ်။
(၅) Skol ။ ။ ဈေးကွက်ရဲ့ ၂ ဒသမ ၁ ရာခိုင်နှုန်းထိ ရထားတဲ့ ဘီယာပါ။ ၁၉၆၄ ခုနှစ်ကတည်းက ဖန်တီးထုတ်လုပ် နေတာ ဖြစ်ပြီး အင်္ဂလန်၊ ကနေဒါ၊ ဆွီဒင်၊ ဘယ်ဂျီယမ်နိုင်ငံတွေက ထုတ်လုပ်သူတွေ ပူးပေါင်းဖန်တီးချက်လုပ်မှု ဖြစ်တယ် လို့ ဆိုပါတယ်။ အရက်ပါဝင်နှုန်း ၂ ဒသမ ၈ ရာခိုင်နှုန်းလောက်ပဲ ရှိပြီး အပျော့ဆုံးဘီယာစာရင်း ဝင်ပါတယ်။ အခုတော့ Anheuser Busch InBev ရဲ့ ပိုင်ဆိုင်မှုလက်အောက်မှာ ရှိနေပါတယ်။
(၄) Budweiser ။ ။ ဒီ အမှတ်တံဆိပ်က ဈေးကွက်ရဲ့ ၂ ဒသမ ၃ ရာခိုင်နှုန်းထိ ရထားတဲ့ ဘီယာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်မှာ လူကြိုက်များပြီး အမေရိကန်ထုတ် ဘီယာတွေထဲမှာ အရောင်အဆင်းရော အရသာပါ အကောင်းဆုံးဘီယာ ဖြစ်ပါတယ်။ ၁၈၅၀ လောက်မှာ Anheuser-Busch ကနေ ဥရောပဘီယာချက်လုပ်ဟန် အတိုင်းချက်လုပ် ရောင်းချလာတဲ့ ဘီယာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၈၀လောက်မှာ ရောင်းချနေတာတွေ့ရပြီးBudweiser အမည်က မူပိုင်ခွင့် မရှိတာ တခုက ထူးခြားပါတယ်။ အကြောင်းကတော့ သူ့ထက် အရင် ချက်နိုင်ငံက Budejovicky Budvar ဘီယာကို ရောင်းချထား လို့ပါ၊ အဆိုပါ BudejovickyBudvar ကိုလည်း Budweiser လို့ ခေါ်တဲ့ အတွက် မူပိုင်ခွင့်မရတာ ဖြစ်တယ် လို့ Time မဂ္ဂဇင်းရဲ့ ဖော်ပြချက် အရသိရပါတယ်။
(၃) Bud Light ။ ။ ကမ္ဘာ့ ဘီယာ ဈေးကွက်ရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းလောက်ထိ ရရှိထားပါတယ်။ Budweiser ထက် ထုတ်လုပ်မှု သက်တမ်းနုပါတယ်၊ အရသာလည်း ပေါ့ပါတယ်၊ ၁၉၈၂ ခုနှစ်မှာစတင် ထွက်ရှိလာတဲ့ အမေရိကန်ဟန် အတိုင်းချက်လုပ် ရောင်းချနေတဲ့ ဘီယာဖြစ်ပါတယ်။ Budweiser ဘီယာထက် အချိန်ပိုပေးပြီး ချက်လုပ်တယ် လို့ ဆိုပါတယ်။ သကြားဓာတ် ပါဝင်နှုန်းနည်းပါတယ်၊ အရက် ၄ ဒသမ ၂ ရာခိုင်နှုန်းလောက်ပဲ ပါဝင်ပြီး ကယ်လိုရီလည်း လျော့ထားလို့ လူကြိုက်များတယ် လို့ ဆိုပါတယ်။
(၂) Tsingtao ။ ။ ဒီတံဆိပ်က ဈေးကွက်ရဲ့ ၂ ဒသမ ၈ ရာခိုင်နှုန်းလောက်ထိ ရထားတာပါ။ ဒါပေမယ့် ပြည်တွင်းမှာတော့ လူသိ နည်းပါတယ်။ ၆၄၀ မီလီလီတာဝင် ပုလင်းတွေနဲ့ ရောင်းချပါတယ်။ တရုတ်မှာ လူကြိုက်များပါတယ်။ Tsingtao Brewery Co ကနေ ထုတ်လုပ်ပါတယ်။ ၁၉၁၆ ခုနှစ်ကတည်းက ဂျာမနီကနေ ဟောင်ကောင်ကို ရောက်လာသူတွေက တည်ထောင် ထုတ်လုပ်လာခဲ့တာပါ။ ၁၉၇၂ မှာ Tsingtao က အမေရိကန်ရောက်လာပါပြီ၊ အဆိုပါ အချိန်ကတည်းက တရုတ်မှာ လူကြိုက်အများဆုံး ဘီယာလည်း ဖြစ်နေပါပြီ၊ ၂၀၀၉ ခုနှစ် နောက်ပိုင်း တနှစ်ကို အနည်းဆုံး ကမ္ဘာ့ဘီယာ ဈေးကွက်ရဲ့ သုည ဒသမ ၁ ရာခိုင်နှုန်းကျော် တိုးတက် ပိုင်ဆိုင်လာတဲ့ ဘီယာလည်း ဖြစ်ပါတယ်။
(၁) Snow ။ ။ ကမ္ဘာ့ဘီယာဈေးကွက်ရဲ့ ၅ ဒသမ ၄ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားပါတယ်။ တရုတ် နိုင်ငံ တနိုင်ငံ တည်းမှာပဲ အဓိက ရောင်းချနေတယ် ဆိုပေမယ့် လူကြိုက် အရမ်းများလို့ ကမ္ဘာ့ အရောင်းရဆုံးဘီယာ ဖြစ်နေပါတယ်။ ၂၀၀၅ ခုနှစ် တနှစ်တည်းမှာတင် ရောင်းအား ၅၇၃ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါတယ်၊ အဆိုပါ အချိန်က Bloomberg ရဲ့ ဖော်ပြချက် အရ Snow ကကမ္ဘာ့အဆင့် ၁၁ ပဲ ရှိသေးတဲ့ ဘီယာပါ။
SABMiller နဲ့ China Resources Enterprise တို့ ပူးပေါင်းထုတ်လုပ်ရောင်းချမှု ဖြစ်ပါတယ်။ RateBeer ကနေ မှတ်ချက် ပေးထားတာက အရသာဆိုရင် ရေလိုပဲ၊ ပျော့တယ်၊ ကာဘွန်နိတ်ပါဝင်မှု များတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ဈေးနှုန်း ချိုသာလွန်းတဲ့ အတွက် လူကြိုက်များလာတယ် လို့ သိရပါတယ်။ Quartz ရဲ့ ဖော်ပြချက် အရတရုတ်မှာ Snow ဘီယာ ၁ လီတာကို ၁ ဒေါ်လာလောက်နဲ့ ရနိုင်တယ်လို့ ဆိုပါတယ်။ ။
www.businessinsider.com တွင် ဖော်ပြထားတဲ့ The 10 best selling beer brands in the world ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။