“ခရမ်းချဉ်သီး ပန်ထွေဖျော်” ဆိုတာ အညာဘက်က ထမင်းဝိုင်းအများစုနဲ့အစိမ်းသက်သက် မဟုတ်တဲ့ ဟင်းတခွက်ပါ။ အခုလို ဆောင်းအနှောင်းပိုင်း ကာလမှာ လှိုင်လှိုင်ပေါတတ်ပြီး နံနံပင်အနံ့၊ ကြက်သွန်ဖြူ အရသာ၊ ငရုတ်သီးစိမ်း အနံ့ သင်းသင်းလေးကို ကြိုက်နှစ်သက်သူတွေအတွက် မပါမဖြစ် ဟင်းတခွက်ပါ။
မီးသွေးမီးဖို သုံးလေ့သုံးထ မရှိတဲ့ မြို့ပေါ်မှာ မီးခိုးနံ့သင်းတဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော်အစစ် မရနိုင်တာကလွဲရင် ပြုလုပ်ပုံကလည်း ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။
ခရမ်းချဉ်သီး ပန်ထွေဖျော် ပြုလုပ်ပုံ
ခရမ်းချဉ်သီး (မြန်မာသီး ၊ ကိုင်းသီး) ကို မီးသွေးခဲ ရဲရဲပေါ်မှာ အခွံမဲလာတဲ့အထိ ဖုတ်ရပါတယ်။
ပြီးရင် မီးဖုတ်ထားလို့ မဲနေတဲ့ ခရမ်းချဉ်သီး အခွံတွေကို ခွာရပါမယ်။
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို အရင်ထောင်ပြီး ညက်လာရင် ခုနက ခရမ်းချဉ်သီးတွေကို ရောထောင်းပါတယ်။
အချိုမှုန့် (ဟင်းချိုရန် မိမိကြိုက်နှစ်သက်သည့် အမှုန့်)၊ ဆား၊ ငါးပိစိမ်းစား အနည်းငယ်ကို ရောထည့်ထောင်းပြီး နံနံပင်လေးဖြူး၊ ဆီအနည်းငယ် ဆမ်းလိုက်ရင် ခရမ်းချဉ်သီး ပန်ထွေဖျော် ရပါပြီ။
“တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်း” ဆိုသလို တချို့နယ်တွေဘက်မှာ အထက်ပါနည်းအတိုင်း မဟုတ်ဘဲ တခြား နည်းလမ်းတွေနဲ့ ထောင်းကြတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီခရမ်းချဉ်သီး ပန်ထွေဖျော်နဲ့အတူ ထမင်းဖြူ ပူပူလေးကို ဆီဆမ်း ၊ ငါးခြောက်ဖုတ်နဲ့ တွဲဖက်စားတာက အညာဒေသဘက်က အကောင်းဆုံးသော မနက်စာပါ။
ကျနော်တို့ ပတ်ဝန်းကျင်မှာ သတိမမူဘဲ စားမိနေတဲ့ “ခရမ်းချဉ်သီး ပန်ထွေဖျော်”ဟင်းထဲမှာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဘာဓာတ်တွေ ပါဝင်နေလဲ ကြည့်ရအောင်။
ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဓာတ်များ
ခရမ်းချဉ်သီးဟာ အံ့သြစရာ ကောင်းလောက်အာင် ဗီတာမင်စီ ဓာတ်တွေ ပါဝင်ပြီး ဗီတာမင်စီက ကျနော်တို့ရဲ့ အစာခြေလမ်းကြောင်းမှာ ဖြစ်ပွားတတ်တဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးတယ်လို့ Medical New Today ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ခရမ်းချဉ်သီးမှာ Folic Acid ပါဝင်တဲ့အတွက် အစာခြေဖျက်အား ကောင်းစေတာ ဖြစ်ပါတယ်။ နောက်ထပ် သူ့မှာပါဝင်တဲ့ Lutein နဲ့ Lycopene ဓာတ်က မျက်လုံးအရောင်စူးခြင်း ရောဂါကို ကာကွယ်ပေးတယ်လို့လည်း ဝက်ဆိုက်မှာ ရေးသား ဖော်ပြထားပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေနဲ့ Potassium ဓာတ်တွေကလည်း နှလုံးကျန်းမာရေး အတွက်များစွာ အထောက်အကူပြုတယ်လို့ သိရပါတယ်။
ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ခရမ်းချဉ်သီးကို ပုံမှန် စားသုံးမယ်ဆိုရင် မွေးလာတဲ့ကလေးရော၊ မိခင်မှာပါ ဖြစ်ပွား တတ်တဲ့ အာရုံကြောချို့တဲ့မှု ရောဂါကို ကာကွယ်ပေးပါတယ်။
“ခရမ်းချဉ်သီး ပန်ထွေဖျော်” တပန်းကန်စာခန့်တွင်မှာ ၃၂ ကယ်လိုရီ၊ ရေ ၁၇၀ ဂရမ်နီးပါး၊ ပရိုတိန်းဓာတ် ၁ ဒဿမ ၅ ဂရမ်၊ အမျှင်ဓာတ် ၂ ဒဿမ ၂ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၅ ဒဿမ ၈ ဂရမ်တို့ ပါဝင်ပြီး ကိုလက်စထရော လုံးဝ မပါဘူး လို့ Medical News Today ဝက်ဘ်ဆိုက်ရဲ့ ရေးသား ဖော်ပြချက်များအရ သိရှိရပါတယ်။
အခုလို ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုတဲ့ “ခရမ်းချဉ်သီး ပန်ထွေဖျော်” ကို နေ့စဉ် မဟုတ်ရင်တောင် မကြာခဏ လုပ်စားကြဖို့ သတင်းကောင်းပါး လိုက်ပါရစေ။
ဆက်စပ် သတင်းလင့်ခ် – ဘာကြောင့် ခရမ်းချဉ်သီးကို ပိုမိုစားသုံးသင့်တာလဲ