တရုတ်လူမျိုးတွေက နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကြားကို နှစ်သစ်ကူးပွဲ ကျင်းပကြပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ ၂၀၁၈ ခုနှစ်ရဲ့ “တရုတ် နှစ်သစ်ကူးပွဲတော်” ကျင်းပ ကြတော့မှာပါ။
တရုတ်ရိုးရာ ပြက္ခဒိန် ရာသီစက်ဝန်းအရ “၁၉၅၈ ၊ ၁၉၇၀ ၊ ၁၉၈၂ ၊ ၁၉၉၄ ၊ ၂၀၀၆ နဲ့ ၂၀၁၈” မွေးဖွားသူတွေက ခွေးနှစ် ဖွားတွေပါ။ ခွေးနှစ်ဖွားတွေက သစ္စာရှိကြပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေ၊ ကိုယ်လုပ်ရမယ့်အလုပ်ကို သေချာ စနစ်တကျ လုပ်တတ်သူတွေ၊ တာဝန်ယူစိတ် ရှိသူတွေအဖြစ် သတ်မှတ်ခံရပါတယ်။
တရုတ်လူမျိုးတွေဟာ နှစ်သစ်ကူးပွဲတော်မှာ ကလေးနဲ့ လူငယ်တွေကို “အမ်ပေါင်း” လို့ခေါ်တဲ့ Lucky Money တွေ ပေးလေ့ရှိသလို တနေရာစီ ဝေးကွာနေတဲ့ မိသားစု ဆွေမျိုးသားချင်းတွေ ပြန်ပေါင်းဆုံကြပြီး စားကောင်း သောက်ဖွယ်တွေ ချက်စားလေ့ ရှိကြပါတယ်။ ဒီလို နှစ်ကူးပွဲမှာ အရေးပါတဲ့ အစားအသောက်ကောင်းတွေ ချက်တဲ့အခါ မပါမဖြစ် ဟင်းအမယ်တွေကို ပြောပြပေးချင်ပါတယ်။
အရသာက ဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းမယ့် ဝက်သားနှပ်ဟင်းက မပါမဖြစ်ပါပဲ။ အဆီတထပ်၊ အသားတထပ်နဲ့ နူးအိနေတဲ့ ဝက်သား သုံးထပ်သားဟင်းက ကလေး၊ လူကြီးမရွေး အကြိုက်တွေ့ကြပြီး နှစ်သစ်ကူးပွဲတော်ရဲ့ မပါမဖြစ် ဟင်းအမယ် တမျိုးပါ။
နောက်ထပ် မပါမဖြစ် ဟင်းတမျိုးက ဝက်သားကင်ပါ။ အသားတွေချည်းပဲကို အရသာသွင်းပြီး နူးအိနေအောင် ကင်ထားတဲ့ ဝက်သားကင်ကို ထမင်းပူပူလေး တခွက်နဲ့ စားလိုက်ရတဲ့ အရသာက ဘာနဲ့မှ လဲနိုင်မယ် မထင်ပါဘူး။ နှစ်သစ်ကူး နောက်တနေ့မှာ ကျန်နေတတ်တဲ့ ဝက်သားကင်တွေကို နုတ်နုတ်ပြန်စဉ်းပြီး ထမင်းကြော်လေ့ ရှိကြပါတယ်။
ဆီပြန်ဟင်းတွေချည်းပဲ အီမနေအောင် ကန်စွန်းရွက်နဲ့ ဝက်နံရိုးဟင်းရည်ကလည်း ထမင်းဝိုင်းမှာ မပါမဖြစ် ဟင်းအမယ် တမျိုးပါ။ ဝက်နံရိုးတွေကို ချိုနေအောင် ပြုတ်ထားတဲ့ အသားရေထဲ ကန်စွန်းရွက်ရောပြီး အရည်သောက် ချက်လေ့ ရှိကြပါတယ်။
ရှန်ဟိုင်းက တရုတ်လူမျိုးတွေ အကြိုက်ဆုံး အစားအစာကတော့ Lion’s head meatballs လို့ခေါ်တဲ့ ဝက်သားလုံး ကြော်ပါ။ တခါစားနိုင်တဲ့ တလုပ်စာ အရွယ်ထက် ပိုကြီးအောင် လုံးထားတဲ့ အသားလုံးတွေက ခြေင်္သေ့ခေါင်းကို ကိုယ်စားပြုပြီး ခွန်အားနဲ့ စွမ်းအားကို ကိုယ်စားပြုပါတယ်။
ဂုံးကောင်နဲ့ ပင်လယ်ရေညှိ ချက်ထားတဲ့ဟင်းက နှစ်သစ်ကူးထမင်းဝိုင်းရဲ့ ဇာတ်လိုက်ကျော်ပါ။ တရုတ်လို Ho See Fatt Choy လို့ခေါ်ပြီး စီးပွားလဘ်လာဘ တိုးတက်စေအောင် ဆုတောင်းတဲ့ အဓိပ္ပာယ်မို့ အထူးစီမံ ပြင်ဆင် ချက်ပြုတ်လေ့ ရှိပါတယ်။
တရုတ်ပြည်နဲ့ အရှေ့တောင်အာရှမှာ သောက်လေ့ရှိတဲ့ လက်ဘက်ခြောက်ရယ်၊ ပဲငံပြာရည်ရယ်၊ ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ပြုတ်ထားတဲ့ ကြက်ဥပြုတ်တွေကလည်း နှစ်သစ်ကူးရဲ့ အထိမ်းအမှတ်သင်္ကေတတွေပါပဲ။ ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူချက်ပြုတ်နိုင်တဲ့ ကြက်ဥပြုတ်အရသာက ထူးခြားတာမို့ အကြိုက်တွေ့ကြပါတယ်။
နောက်ထပ် ချက်ပြုတ်ပြင်ဆင်လေ့ရှိတဲ့ အရွက်စုံပေါင်း၊ ပျားရည်ဝက်နံရိုးဟင်း၊ လိမ္မော်ကြက်သား၊ ဘဲကင်က လည်း တရုတ်လူမျိုးတွေ အထူးကြိုက်နှစ်သက်တဲ့ ရိုးရာအစားအစာတွေပါပဲ။
Ref: METRO UK