Hot Pot ကို အဝစား ပုံစံနဲ့ ရောင်းချပေးတဲ့ ဆိုင်တွေ နေပြည်တော်မှာ ရှားပါတယ်။ Hot Pot အပြင် အကင် နဲ့ အခြားအစားအစာတွေကိုပါ အဝစားပုံစံမျိုး ရောင်းချတဲ့ဆိုင်က ပိုတောင် ရှားနေပါသေးတယ်။
နေပြည်တော်က အစားချစ်သူတွေအတွက် နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ် ၊ သပြေကုန်း ၊ ငုဝါလမ်း ၊ SPIRIT စတိုးအနီး မှာ အသစ် ဖွင့်လှစ်ထားတဲ့ “Boss Hot Pot ၊ အရံဘူဖေး နဲ့ အကင် အဝစားဆိုင်”ကို ဒီတပတ် မိတ်ဆက် ပေးချင်ပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကမှ စတင် ဖွင့်လှစ်လိုက်တဲ့ အဲဒီဆိုင်မှာ လူကြီးတဦးကို အဝစား ၆ ထောင်ကျပ်၊ အသက် ၈ နှစ် အောက် ကလေးတွေအတွက် အဝစား တဦးကို ၃၅၀၀ကျပ် သတ်မှတ်ထားပါတယ်။ Hot Pot အတွက် “အချို၊ အစပ် ၊ မာလာ ၊ တုံယမ်း အရသာ” အရည် ၄ မျိုးထဲက ကြိုက်နှစ်သက်ရာ အရသာ ၂ မျိုးကို သုံးဆောင်နိုင်ပါတယ်။
Hot Pot နဲ့ တွဲဖက်စားဖို့ “ရာသီပေါ် အသီးအရွက်အစုံ ၊ ပုဇွန်၊ ဂဏန်း ၊ ဝက်သား ၊ကြက်သား၊ အမဲသား ၊ ဝက်အူ၊ ငါး ၊ ကြက်ဖင်ဆီဖူး”တို့ ပါဝင်ပါတယ်။ အရသာတွေနဲ့ တညတိတိ နှပ်ထားတဲ့ ကြက်သား၊ ဝက်သား ၊ အမဲသားတို့ကို အကင် အဖြစ် စားသုံးနိုင်ပါတယ်။
အသားငါးတွေကို လတ်ဆတ်မှုရှိအောင် နှစ်ရက်ခြား တခါ အသစ် ဝယ်ယူတယ်လို့ Boss Hot Pot ဆိုင်ရဲ့ ဆိုင်ပိုင်ရှင် ကိုအောင်ပြည့်စုံက ပြောပါတယ်။ အစားအစာ ထည့်စားတဲ့ ပန်းကန်လုံး၊ ဇွန်း စတာတွေကိုလည်း ပိုးသတ်ပြီးသားတွေပဲ မှာယူ အသုံးပြုတာဖြစ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။
Hot Pot အဝစား ဆိုင်အများစု က အကင်မီးဖိုကို သပ်သပ် တခုပေးထားတာမျိုး မရှိပါဘူး။ ဒီဆိုင်ကို အထူးတလည် ညွှန်းဆိုရတာက ဒီဆိုင်မှာ အကင်မီးဖိုကို သပ်သပ် တခုပေးထားတဲ့အပြင် အကင်နဲ့ တွဲဖက်စားရတဲ့ အချဉ်ရဲ့ အရသာက ပြောမပြတတ်အောင် ကောင်းလွန်းနေတာပါပဲ ။ Hot Pot အသားပေး ရောင်းချတဲ့ ဆိုင်အများစု က အကင်ဘက်မှာ လျော့သွားပေမယ့် ဒီဆိုင်ရဲ့ အကင်အရသာက အဲဒီလိုမျိုး လျော့မသွားဘဲ အရသာက တမူထူးခြား ကွဲထွက်နေတာပါပဲ။
အကင်နဲ့ Hot Pot အပြင် အရံဘူဖေးတွေဖြစ်တဲ့ ထမင်းကြော် ၊ ခေါက်ဆွဲကြော် ၊ ကြာဇံကြော် ၊ အာလူးကြော် ၊ ဖက်ထုပ်ကြော် ၊ ဝက်သားလုံးကြော် စတာတွေကိုလည်း တဦး ၆၀၀၀ကျပ် ကနေ စားသုံးနိုင်ဦးမှာပါ။ အားလုံး စားသောက် ပြီးစီးသွားရင် အချိုတည်းဖို့ ရာသီပေါ်သီးနှံတွေ ၊ သာကူ ၊ကျောက်ကျော ၊ လိမ္မော်ရည် ၊ လီမွန်တီး ၊ ဇီးဖျော်ရည် စတာတွေ သုံးဆောင်နိုင်ပါတယ်။
အဲဒီတော့ လူကြီးတဦးကို ၆ထောင်ကျပ်တည်းနဲ့ Hot Pot ၊ အကင်တင် မကဘဲ အခြားအစားအစာတွေပါ အဝ စားသုံး နိုင်မယ့် “Boss Hot Pot ၊ အရံဘူဖေး နဲ့ အကင် အဝစားဆိုင်” မှာ သွားရောက် မြည်းစမ်းကြည့်ဖို့ ညွှန်းလိုက်ပါတယ်။
ဆိုင်ဖွင့်ချိန်က မနက် ၁၁ နာရီကနေ ည ၁၀နာရီအထိဖြစ်ပြီး တခု သတိထားရမှာက အစားအသောက်တွေကို မိမိ စားနိုင်သလောက်၊ ကုန်နိုင်သလောက်ပဲ ယူဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ “200g နဲ့ အထက် အကင်၊ အသားနဲ့ အသီး အရွက်တွေ ကျန်ရှိပါက၂၀၀၀ ကျပ်နဲ့ အထက် ဒဏ်ကြေး ကောက်ခံပါမည်” ဆိုတဲ့ ပန်ကြားချက်ကို ဆိုင်အတွင်းမှာ တွေ့ခဲ့ရလို့ပါပဲ။
ဆိုင်လိပ်စာ – “Boss Hot Pot ၊ အရံဘူဖေး နဲ့ အကင် အဝစားဆိုင်”
နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ် ၊ သပြေကုန်း ၊ ငုဝါလမ်း ၊ SPIRIT စတိုးအနီး